🏔Chapter (2)🏔

1.2K 137 38
                                    

*Zawgyi*

ဆောင်းဥတု၏နေရောင်ခြည်နွေးနွေးလေးဟာ ရှမ်းပြည်နယ်အတွင်းမှာရှိနေသည့် 'ခမမ်း'တောင်တန်းတစ်လျှောက်ကို စူးရှစွာဖြင့်ထိုးနှက်လို့နေလေ၏။

အုံ့အုံ့ဆိုင်းဆိုင်းသစ်ပင်တောတန်းကြီးများဖြင့် အုပ်လွှမ်းခြင်းခံထားရသည့် ခမမ်းတောင်တန်းများအတွင်းရှိ ခမမ်းဂူများအတွင်းနေထိုင်သော ခူလူမျိုးများဟာ မနက်နေမထွက်တထွက်အချိန်ကတည်းက ကိုယ်စီအလုပ်များကို ပျားပန်းခတ်လှုပ်ရှားလုပ်ဆောင်နေကြသည်မှာ ယခုနေ့လည်မွန်းတည့်ချိန်ရောက်ခါနီးအထိပင်။

ခူလူမျိုးတို့နေထိုင်ရာ ဂူကြီးသုံးလုံးရှိသည့်အနက် ပထမဆုံးအစွန်အဖျားဘက်တွင်တည်ရှိနေသောဂူကြီးမှာ ခေါင်းဆောင်သခင်ကြီးတစ်ဦးတည်း အပိုင်စံစားရသောဂူကြီးဖြစ်သည်။ ထိုဂူထဲသို့ မည်သူတစ်ဦးတစ်ယောက်မှဝင်ခွင့်မရှိသလို သခင်ကြီးတစ်ဦးမှလွဲ၍ မည်သူမှနေထိုင်ခွင့်မရှိ။ကျန်ရှိနေသည့် ဒုတိယဂူနှင့်တတိယဂူများတွင်သာ ပြည်သူပြည်သားတို့ နေထိုင်ကြရသည်။ ဂူတစ်လုံးနှင့်တစ်လုံး၏အကွာအဝေးမှာ အတော်လှမ်းလှ၏။

မနက်မိုးစင်စင်လင်းကတည်းက မွန်းတည့်ချိန်ရောက်သည်အထိ ဒုတိယဂူနှင့်တတိယဂူအပေါက်ဝတွေမှာ လှုပ်လီလှုပ်လဲ့နှင့်သွားလာနေကြသော ပြည်သူပြည်သားများမှာ မနည်းမနော။တချို့ကလုပ်ငန်းခွင်အတွက်။တချို့ကအစာရှာဖွေစုဆောင်းရေးအတွက်။ခူလူမျိုးတို့က အပြင်ဒေသကလူတွေနှင့် သိပ်နှီးနှောဆက်နွယ်ခွင့်မရှိတာမို့ လုပ်ငန်းခွင်ဆိုလျှင်လည်း ခူတို့ပိုင်နက်မှလွဲပြီး တခြားနေရာတွေမှာအလုပ်လုပ်ခွင့်မရှိ။

ခေါင်းဆောင်သခင်ကြီးကိုယ်တိုင်လက်ခံအသိအမှတ်ပြုထားသည့် လုပ်ငန်းခွင်တချို့မှာ ရွှေကျင်ခြင်း၊ရွှေဒင်္ဂါးပြုလုပ်ခြင်း၊စက်လုပ်လက်လုပ် ရက်ကန်းချုပ်လုပ်ခြင်းတို့ပင်။ယောက်ျားသားများကတော့ အမဲလိုက် မုဆိုးလိုက်ပြီးအသက်မွေးဝမ်းကျောင်းကြတာများလှသလို အချို့ကလည်း သခင်ကြီး၏အစေအပါး၊သက်တောင်စောင့်၊ကိုယ်ရံတော်များ ဖြစ်ကုန်ကြရသည်။မိန်းကလေးများကတော့ အစားအသောက်စုဆောင်းရေးအတွက် တောထဲသစ်သီးသစ်ဥသစ်ဖုများ၊ ဟင်းသီးဟင်းရွက်များ သွားခူးသူကခူး၊ခူတို့ဝတ်ဆင်ကြသည့် အင်္ကျီအဝတ်အစားများကိုထုတ်လုပ်ပေးသည့် ရက်ကန်းရုံတွင်လုပ်သူကလုပ်၊ရွှေမှုန်များရလာအောင် ရွှေကျင်သူများကကျင်၊ထိုရလာသောရွှေမှုန်များကို ရွှေဒင်္ဂါးအပြားကြီးဖြစ်အောင်ပြုလုပ်သည့်နေရာမှာလုပ်သူကလုပ်နှင့်။ ဤကဲ့သို့သာအမျိုးမျိုးအဖုံဖုံအသက်မွေးဝမ်းကျောင်းကြ၏။ ကိုယ်ရံတော်သက်တောင်စောင့်အလုပ်များနှင့် ရွှေကျင်ရွှေဒင်္ဂါးလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများတွင်လုပ်ကိုင်ကြသောပြည်သူပြည်သားများကမူ သခင်ကြီးပေးအပ်သောအလုပ်ခကြေးငွေများကိုလက်ခံရရှိကြသည်။တစ်လတခါ၊နှစ်လတခါ မြို့တွေ၊ရွာတွေသို့ လိုအပ်တာများကိုဈေးထွက်ထွက်ဝယ်လျှင် ထိုရရှိလာသောအခကြေးငွေနှင့်သာအသုံးပြုဝယ်ခြမ်းကြရ၏။

ခူ{Completed}Where stories live. Discover now