Part - 1 (Unicode)

121 7 23
                                    


အနီရောင်ကတ္တီပါသားခင်းထားသော လျှောက်လမ်းထက်တွင် Oနိုင်ငံ၏ အရောင်အသွေးစုံလင်လှသော  ကြယ်ပွင့်များက သူ့ထက်ငါအပြိုင် တောက်ပစွာ လျှောက်လှမ်းလာကြသည်။ သတင်းထောက်၊ ကင်မရာသမားများ၏ ကင်မရာမီးရောင်များသည် တဖြတ်ဖြတ်လက်ကာ ကြယ်ပွင့်များ၏ အမူအရာပေါင်းများစွာကို လက်မနှေးပဲ ပုံကောင်းများရဖို့အရေး အမိအရဖမ်းယူနေကြသည်။ လျှောက်လမ်း၏ဘေးတစ်ဖက်ဆီတွင် ကန့်သက်ထားသော ဖဲကြိုးအနီရောင်တန်းများရှိပြီး တာဝန်ကျအစောင့်များသည်လည်း သတိအနေအထားနှင့် ပြဿနာဖြစ်လာလျှင် ဖြေရှင်းနိုင်ရန် အသင့်အနေအထားဖြင့်ရှိနေကြသည်။

အဆင့်မြင့်ဇိမ်ခံကားတစ်စီးသည်လည်း အချိန်မလင့်ခင်ရောက်လာပြီး လျှောက်လမ်းထိပ်တွင်ရပ်တန့်လိုက်သည်။ အပေါက်ဝနှင့်ဝေးသော သတင်းထောက်တွေသည်ပင် ၎င်းဘက်သို့ လှည့်ကြည့်ကြသည်။

ကားခေါင်းခန်းမှ အနက်ရောင်ဝတ်စုံပြည့် ဝတ်ထားသည့်လူတစ်ယောက် ဆင်းလာပြီး ကားနောက်ခန်းတံခါးကိုဖွင့်ပေးလိုက်သည်။

ပြောင်လက်နေသော အနက်ရောင်လည်သာရှူးဖိနပ်ကို စီးနင်းထားသော ခြေထောက်တစ်ဖက်က အပြင်သို့အရင်ထွက်လာသည်။ ထို့နောက်တွင် ဂုတ်ထောက်နေသော အနက်ရောင် ဆံနွယ်ရှည်များကို စုစည်းထားပြီး ငွေရောင်တောက်နေသည့်ကိုင်းပါသော လေးထောင့်မျက်မှန်ဖြင့် သူ၏စူးရှသောမျက်ဝန်းများအား ကွယ်ဝှက်ထားသည့် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ သူ၏အရှိန်အဝါသည် တောက်ပနေပြီး သူကိုယ်တိုင်သည်လည်း ဘေးပတ်ဝန်းကျင်မှလူများအား သေးသိမ်နိမ့်ကျအောင် လုပ်နိုင်စွမ်းရှိသည်။

အဖြူရောင်စတစ်လက်ရှည်တွင် ငွေရောင်အဆင်း၊အခြစ် သေးသေးလေးများ ပါရှိပြီး အရောင်လက်နေသည့် စိန်ကြယ်သီးများသည်လည်း သူ့နေရာနှင့်သူရှိနေသည်။ စတိုင်ပန်နက်ပြာရောင်တောက်တောက်နှင့် တွဲဖက်ဝတ်ဆင်ထားပုံက ပို၍ထင်းလင်းစေသည်။ အပေါ်ဝတ်အင်္ကျီနက်ပြာရောင်ကို လက်တစ်ဖက်တွင် တင်ထားပြီး အနည်းငယ်လျှောကျနေသော မျက်မှန်ကို အသာပင့်တင်လိုက်ပုံက တစ်မျိုးတစ်ဖုံ ကြည့်ကောင်းနေသည်။

WITH COMPASS (On Going)Where stories live. Discover now