{၃၄}U/Z

70.7K 8.7K 1K
                                    

Unicode

မန္တလေးမြို့...
မန္တလေးမြို့သည် သမိုင်းဝင်မြို့တစ်မြို့၊ လွမ်းမောစရာကောင်းသောမြို့၊ ကြီးကျယ်ခမ်းနားသောမြို့၊ အရှိန်အဝါတောက်ပသောမြို့။
သူ့အတွက်တော့ ဘယ်တော့မှမပြန်ချင်သောမြို့။

မန္တလေးမြို့အကြောင်းပြောပါလျှင် 'မြနန်းစံကျော်ရွှေနန်းတော်' ကြီးအ​ေကြာင်းကို စပြောရမည်လား။ လူအများဖူးမျှော်ချင်ကြသော မဟာမုနိ ဘုရားသမိုင်းကြောင်းကိုပြောရမည်လား။
အထင်ကရ ဦးပိန်တံတားအကြောင်းကိုပြောပြရမည်လား။မန္တလေးမြို့ကို စီး၍ကြည့်ရှုနိုင်သည့် မန္တလေးတောင်ပေါ်ကနေထွက်ချိန်တွေဟာ ဘယ်လောက်လှကြောင်းပြောပြသင့်လား။ တောင်သမန်အင်းကို လေညင်းခံဖို့စကားစသင့်သလား။
သို့တည်းမဟုတ် မန္တလေးမှာ တိတ်တဆိတ်မြှုပ်နှံထားတဲ့ သူ့ရဲ့ စိတ်ဒဏ်ရာတချို့အကြောင်းကိုလား။

လူတွေက သူမန္တလေးမှာ မပျော်ဘူးလို့ ပြောတဲ့အခါ 'သိပ်ကိုတုံးအ'တာပဲဟုဆိုကြသည်။
သူတို့မြင်သည်က မန္တလေးလေးရဲ့ ပျော်ရွှင်မှုတွေ၊ သူတို့မြင်သည်က မန္တလေးရဲ့ အနှစ်သာရတွေ။ သူတို့မမြင်နိုင်တာကတော့ မန္တလေးမှာရှိတဲ့ သူ့ရဲ့ မသတီစရာ ငယ်ဘဝ။

နွေဦးမောင်သည် မန္တလေးကိုသံယောဇဉ်မပြတ်လှပေမဲ့ တချို့သော အကြည့်တွေကိုဖြတ်တောက်ဖို့ရန် မန္တလေးကို စွန့်ခွာခဲ့ခြင်းပင်။
မွေးရပ်မြေကို မချစ်သောသူရှိနိုင်မည်လား။

အကြောင်းအရာ တချို့ကို ဂဃနဏ မသိစဉ်မှာ သူ့ငယ်ဘဝကလည်းပျော်ဖို့ကောင်းနေပါသေးသည်။
သို့သော် သူဟာဘယ်လိုလူရဲ့သားပါလို့သိလာချိန်တွင်တော့ တချို့တွေကသူ့ကိုရှောင်ဖယ်သွားကြသည်။ တချို့ကကျန်ခဲ့သည်။ ကျန်ခဲ့သောသူများသည်လည်း အစစ်အမှန်မဟုတ်ခဲ့ပါချေ။
သားကိုကပ်ပြီး အဖေကိုမျက်နှာလိုမျက်နှာရ လုပ်ရုံသက်သက်သာ။
ကျောင်းမှာအဆင့်ကောင်းလျှင်တောင် အဖေ၏အရှိန်အဝါကြောင့်ဟုထင်ခံရသည်။ စာမေးပွဲကျအောင်ဖြေတော့ အဖေ့မျက်နှာနှင့်ဆိုးသွမ်းသည့်ကလေးဟု သမုတ်ခံရသည်။
ထိုကြောင့် အပေါင်းအသင်းမဲ့သောလမ်းကို သူလျှောက်ခဲ့သည်။ ခပ်တည်တည်မျက်နှာပေးနှင့် ရိုးရှင်းစွာနေထိုင်ခဲ့သည့်သူ့ပုံက လူတောမတိုးသလိုဖြစ်လာသည်။
အလယ်တန်းမှာတော့ သူ့အနားသို့ ခင်လွှမ်းဆိုသည့်အမျိုးသမီးငယ်လေးက စိတ်ရင်းမှန်စွာနဲ့ရောက်လာခဲ့သည်။ ပြီးနောက် ဥဿဦး။ပြီးနောက် ကွဲကွာခြင်းများ။ကံကြမ္မာကသူ့ကိုကျီစယ်သည်ထင်ရဲ့။
ထို့ကြောင့် မန္တလေးအငွေ့အသက်များသည် သူ့၏နှလုံးသားအပေါ်တွင် အပ်သေးသေးလေးများဖြင့် ခပ်စိတ်စိတ်စိုက်ဝင်နေသယောင်။ လူမမြင်သည့် ဒဏ်ရာ၊ လူမသိသည့်နာကျင်မှုက သူ့ကို ထွက်ပြေးဖို့ တွန်းအား တစ်ခုဖြစ်လာစေခဲ့သည်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now