{၃၆}U/Z

73.3K 8.6K 929
                                    

Unicode

"ဦးပိန်တံတားကို အစကနေအဆုံးထိ တူတူလျှောက်ရင် အဲ့ဒီချစ်သူနှစ်ယောက်က မကွဲဘူးဆို။ ဟုတ်လားပန်းဦး။"

ဇင်ငြိမ်းသူက တံတားထိပ်ကနေ ရေတွေခန်းနေသည် အင်းပြင်ကြီးကို ဝေ့ကြည့်ကာပြောသည်။
ယနေ့က သူတို့ရဲ့လည်ပတ်တဲ့ခရီးစဉ်နောက်ဆုံးနေ့ဟုပင်ဆိုရမည်။ကျောင်းပြန်ဖွင့်တော့မည်မို့ ရန်ကုန်ပြန်ဖို့ ပြင်ပြီးနှင့်လေပြီ။

"အဆုံးထိလျှောက်ဖူးလည်း ထားသွားရင် ကျန်ခဲ့ရတာပါပဲ။ယုံတမ်းတွေကို မက်မောနေရင်  ကျန်ခဲ့မဲ့ မျှော်လင့်ချက်ကြီးက အဆိုးဆုံး ဒဏ်ချက်ပဲ"

ဥဿဦးက လှောင်ချင်ဟန်ခပ်မဲ့မဲ့ပြောတော့ ဧည့်သည်ဖြစ်သည့်ဇင်ငြိမ်းသူကလည်း ဘာမှမပြောရဲတော့ဘဲ ငြိမ်ကုတ်သွားသည်။ စောနရီကတော့ ဥဿဦး၏မျက်နှာကို လှမ်းကြည့်ပြီး စာနာမိသည်။ ဘယ်သူကများ ကျန်ခဲ့ချင်မှာလဲ။လက်ထပ်ခါနီးအထိတောင် ရောက်ခဲ့ပြီးမှ...

မန္တလေးမှာမွေးတဲ့ သူတွေမို့ ဦးပိန်တံတားဆိုတာ သူတို့ရဲ့ အိမ်ဦးနှင့်ကြမ်းပြင်လို။
စက်ဘီးနှင့်အခါခါ၊ ခြေလျင်နှင်​့ အလီလီ။ အစကအဆုံး လျှောက်ဖို့ရန်ရှည်လျားလွန်းတာကိုတောင် ရောက်တိုင်း အမြဲ အဆုံးထိသွားခဲ့သည်။
ထိုစဉ်က ဘေးတွင် နွေဦးမောင်လည်းပါခဲ့သလို၊ခင်လွှမ်းလည်းရှိနေခဲ့တာပဲ။
အဆုံးသတ်တော့ သုံးယောက်လုံး တကွဲတပြားစီ။
ယုံတမ်းက ယုံတမ်းသက်သက်ပါပဲ။ ပုံပြင်လို...ကြားလို့သာ နားထောင်လို့ကောင်းရုံ။
ရေသိပ်မရှိချိန်တွင် ဦးပိန်တံတားက သိပ်မလှသော်ငြား နေဝင်ချိန်လာခဲ့သည်မို့ မြင်ကွင်းကတင့်တယ်နေသည်။

စောနရီက တံတားပေါ်မလျှောက်တော့ဘူးဟု ဆိုတာကြောင့် နွေဦးမောင်နှင့်နှစ်ယောက်သား တံတားအောက်ဘက်တွင်သာ တောင်တောင်အီအီလျှောက်ကြည့်ကြသည်။စောနရီအဖို့တော့ တံတား အဆုံးထိမလျှောက်နိုင်မှာစိုးသောကြောင့် အစမပြုခြင်းပင်။
ယုံတမ်းကို အပြည့်အဝမယုံသော်ငြား မျှော်လင့်ချက်တော့ရှိသည်။
တချိန်ချိန်မှာ မောင်ကသူ့ကိုလက်လွှတ်လာခဲ့ရင် တံတားအဆုံးထိလျှောက်ခြင်းမလျှောက်ခြင်းကို ယိုးမယ်မဖွဲ့လို။
ရှေ့ရက်က ကိုဥဿပြခဲ့သည့် မောင့်မိသားစု၏ပိုင်ဆိုင်မှုတွေသည် သူ့ကို အသိတရားတစ်ချက်ပြန်ပြီးရိုက်သွင်းလာခဲ့ပြန်သည်။
သူ့ကိုမလွှတ်တမ်းဆွဲထားပါလို့ တောင်းဆိုခဲ့ပေမဲ့လည်း လွှတ်ချခဲ့ရင် ဘာများစောဒကတက်စရာရှိမလဲ။ မောင့်ရွေးချယ်မှု၊မောင့်အခြေအနေတွေကို သူနားလည်ပြီးသားပင်။
ပွဲရုံတွေ၊ မြေနေရာပိုင်ဆိုင်မှု၊ မောင်တို့ရဲ့ ဘိုးဘွားပိုင်အိမ်ကြီး။ မောင်ချမ်းသာတာ သိပေမဲ့လည်း သူမျှော်မှန်းထားသည်ထက်ပိုနေသည်။
မောင့်နဖူးပေါ်က လတ်လတ်ဆတ်ဆတ်ဒဏ်ရာ။
မောင့်မိသားစုကပေးလာမဲ့၊မောင့်အပေါ်သက်ရောက်လာမဲ့ဖိအား။
သူ့မှာအားနည်းချက်ဟူသည် မောင်ဆိုသောသူသာကျန်သည်။ သူ့မှာပိုင်ဆိုင်သမျှ၊သက်ဆိုင်သမျှဟူသည် မောင်သာလျှင်။ သူ့ကြောင့် မောင်များ ထိခိုက်လာလျှင်ဟူသော အတွေးကြောင့် သတိလက်လွတ်ဖြစ်မိပေါင်းလည်းများပြီ။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now