🖤 My Sweetheart 🖤

223 16 7
                                    


            

               မှောင်ရိပ်အတိကျနေသည့် အခန်းငယ်ထဲ ခန့်ဟိဏ်းတစ်ယောက် အိပ်မပျော်သေးပါ။
အပြင်မှာမိုးတွေသည်းနေသည်။ လျှပ်စီးတလက်လက် မိုးတချုန်းချုန်းနှင့် အလင်းရောင်များက ပြတင်းမှန်များပေါ် ရောင်ပြန်ဟပ်သွားကြသည်။

မိုးခြိမ်းရင်ကြောက်တတ်သည့် သူရော အခု ကြောက်နေလောက်မလားဟု တွေးစိတ်ပူမိသေးသည်။
ဖြစ်နိုင်ရင် ခုချက်ချင်းပင် သူ့အနားဆီရောက်အောင် ပြေးသွားပြီး ဖက်ထားချင်မိလှသည်။

ဒီနေ့ သူ့ကိုဖွင့်ပြောလိုက်တာ မှန်မှမှန်ပါ့မလားဆိုသည့် အတွေးလည်း ခေါင်းထဲ ခဏခဏ ဝင်ဝင်လာ၏။

ကျွန်တော် သူ့နဲ့စကားပြောဖူးတာမှ သုံးကြိမ်တည်းရယ်။

ဒီအတောအတွင်းမှာ ဘယ်အချိန်ကစလို့ ချစ်မိသွားခဲ့တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ရေရေရာရာ မသိ။
မီးခြမ်းကမ်းပေးတုန်းကတည်းကလား။

ဒါမှမဟုတ် နားနှစ်ဖက်ပိတ်ပြီး သူ့ရင်ခွင်ထဲ အတင်းဝင်လာတုန်းကလား။
ချွေးသံတရွှဲရွှဲနဲ့ အားသွန်ခွန်စိုက် ကစားနေတဲ့ပုံလေးကို မြင်နေရင်းနဲ့ ချစ်သွားခဲ့တာလား။ သူ့ကိုယ်ရေးကိုယ်တာကိစ္စတွေ သိပြီးနောက်ပိုင်းမှ သနားတာနဲ့ရောပြီး ချစ်တယ်ထင်နေခဲ့တာလား။

အတွေးတွေ ခုထိ​ သေသေချာချာမစုစည်းမိသေးပေ။ "ကြိုက်တယ်"လို့ နှုတ်က ဖွင့်ပြောခဲ့ပြီးပြီ ကိုယ့်စိတ်ကိုခုထိသေချာမသိသေး။

ကျွန်တော်က တကယ်ချစ်တာဆိုရင်ရော ကျွန်တော့်အချစ်တွေကို သူယုံပါ့မလား။

ကိုယ့်အချစ်ကရော စစ်ရဲ့လား။

စိတ်ရင်းနဲ့ပြောခဲ့တာရော ဟုတ်ရဲ့လား။

အိမ်အပြင်က မိုးရွာထဲ မတ်တပ်ရပ်နေရရှာသည့် နှင်းဆီပင်တို့ကို တွေတွေကြီးစိုက်ကြည့်နေရင်း တွေးနေမိသည်။

သူနဲ့ကျွန်တော် ဘယ်လိုစသိခဲ့တာပါလိမ့်။

သြော် မှတ်မိပြီ။

ထိုနေ့က မိုးတွေသည်းသည်းမဲမဲရွာနေခဲ့သည်။

ထီးယူလာလေ့မရှိသည့် ခန့်ဟိဏ်းတစ်ယောက် လက်မောင်းပေါ် အရှိန်ပြင်းစွာကျလာသည့် မိုးပေါက်ကြီးကြီးများကြောင့်
မိုးကိုစိတ်ပျက်စွာနှင့်ပင် ဆဲဆိုမိသေးသည်။ သို့သော်လည်း ဆဲရုံနှင့် မိုးတိတ်မည်မဟုတ်။

🖤 My Sweetheart 🖤Where stories live. Discover now