{၄၉}U/Z

67.5K 8.6K 3K
                                    

Unicode

ညနေ နရီနှင့်အတူ လှည်းတန်းမှာ ညစာ စားမည်ဟုချိန်းထားသေးသည်မို့ အလုပ်များပြီးသည်နှင့် နွေဦးမောင် ကျောင်းသို့တန်းတန်းမတ်မတ်ပင်ပြန်လာခဲ့သည်။ ကျောင်းပေါက်ဝတွင် ယောင်လည်လည်လုပ်နေသော အမျိုးသမီးငယ်တစ်ဦးအားတွေ့ချိန်တွင်တော့ ကားဆရာကိုရပ်ခိုင်းရတော့သည်။

"အသင်း ကျောင်းကိုဘာလာလုပ်တာလဲ?"

သင်းဖြူမွှေး ခေါ် အသင်းက သူ့ကိုမြင်သည်နှင့် ငိုကြီးချက်မဖြင့် ပြေးလာကာ ဆိုတော့သည်။

"အကိုလေး... အကိုလေးရယ်။ သားငယ်လေး အမောဖောက်သလိုဖြစ်နေလို့ ဆေးရုံတင်ပြီး အောက်ဆီဂျင်ပေးထားရတယ်။ ဘွားမေက ဆေးရုံမှာကျန်ခဲ့တာမို့ အသင်းပဲလိုက်လာရတာ။"

နွေဦးမောင်၏စိုးရိမ်စိတ်များသည် ဟုန်းကနဲတောက်လောင်လာကာ ခြေမကိုင်မိလက်မကိုင်မိပင်ဖြစ်သွားရသည်။

"ကလေးကို ဆေးရုံတင်ရလောက်တဲ့အထိဖြစ်ရအောင် ဘယ်လိုကြည့်နေတာလဲ?"

နဂိုစိတ်မကြည်မလင်မှုများက ရောယှက်ကာ လေသံမာသွားတော့ အသင်းက ပိုတိုး၍ပင်ငိုတော့သည်။ ထိုအခါမှ မိမိစိတ်လောသွားကြောင်း သတိထားမိလိုက်ပေမဲ့ ကျွံပြီးသားစကားအတွက် နှုတ်ဖို့ရန် မတတ်နိုင်တော့ချေ။
"နေတော့။မငိုနဲ့တော့။ အစ်ကို ကားသွားယူလိုက်မယ်။ ပဲခူးထိဆိုတော့ ကိုယ့်ကားနဲ့ကိုယ်မှအဆင်ပြေတာ"

"ရန်ကုန်ဆေးရုံမှာပဲ အကိုလေး။ ပဲခူးဆေးရုံကနေ ရန်ကုန်ဆေးရုံကို လွှဲပေးလိုက်တာ။ "

"လိပ်စာကော မှတ်မိလား.."

"မှတ်မိတယ်မှတ်မိတယ်...ဘွားမေက သေချာမှာလိုက်တယ်။ "

နွေဦးမောင်လည်း တွန့်ဆုတ်မနေဘဲ အနီးက ကားကိုပင်ငှားကာ အသင်းပြောသည့် ဆေးရုံကိုရောက်လာခဲ့ကြသည်။ ကလေးကို စိတ်ပူရလွန်း၍ သူ့ခေါင်းထဲတွင် တခြားမည်သည့်အရာကိုမှ မတွေးနိုင်ချေ။ ဆေးရုံခန်းထဲရောက်တော့ သားလေးက အောက်ဆီဂျင်ပိုက်တန်းလန်းလေးဖြင့်။
ကြီးမေကလည်း မျက်ရည်ကလေးတစမ်းစမ်း။
သူကိုယ်တိုင်လည်း ဘယ်လောက်အမူအရာပျက်နေမိမှန်းမခန့်မှန်းမိပါချေ။ ၂နှစ်ပင်မပြည့်သေးသည့်ကလေးက အောင်ဆီဂျင်အကူအညီနှင့်အသက်ရှူနေရသည်တဲ့။
အသုံးမကျလိုက်လေခြင်းဟု ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မိသည်။ သူသာ သားလေးအား ပိုပြီး ဂရုစိုက်နိုင်ခဲ့မည်ဆိုလျှင် သည်လိုတွေဖြစ်လာလိမ့်မည်မဟုတ်ချေ။
ဆရာဝန်ပြောသည့် ရောဂါအခြေအနေများကိုနားထောင်နေရင်း ပင့်သက်ရှိုက်မိချိန်ခဏ၌ သူ့မျက်ဝန်းတွင်ဖြတ်ခနဲမြင်လိုက်ရသည့်လူတစ်ယောက်။
ဒုတိယံမိပြန်ကြည့်မိတော့ သူအမှန်တကယ်ပင်ခြောက်ခြားသွားရပါတော့သည်။ သရဲတစ်ကောင်ကိုတွေ့ရမည်ဆိုလျှင်တောင် သူအဲ့သည့်လောက်ထိ တုန်လှုပ်မည်မဟုတ်ပါ။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now