အခန်း (၂)
" ဒါက တေးသီကွန်းအတွက် စာချုပ်ပါ။ အဘွားဖြစ်သူက တေးသီကွန်းကို KT စက်ရုံ လုပ်ငန်းရဲ့ ရှယ်ယာ နှစ်ဆယ်ရာခိုင်နှုန်းကို လွှဲပြောင်းပေးခဲ့ပါတယ် "
" တေးသီကွန်းဆိုတာ .. "
" ကျွန်တော် "
ဒေါ်ခင်ခင်နဲ့ ဦးပိန်မှာ ရှေ့နေဖြစ်သူ အိမ့်မှူးပိုင်ဆီက ကြားလိုက်ရသည့် စကားကြောင့် အံ့သြလို့မှ မဆုံးသေး။ နောက်ထပ် မှင်သက်စရာက ပေါ်လာသည်။ ဟန့်ရဲ့ အမေးကို ဖြေလာသူမှာ တေးသီကွန်း ကိုယ်တိုင်ပင် ဖြစ်နေသည်။ သူငယ်ချင်း အိမ်မှာ ခဏတဖြုတ် သွားနေဖို့ ဒေါ်ခင်ခင် မှာထားပေမဲ့ တူဖြစ်သူ ကွန်းက စကား နားမထောင်ဘဲ အိမ်ကို ပြန်ရောက်လာသည်။
ဟန့်ရှေ့တွင် မတ်တပ်ရပ်နေသော ကွန်းရဲ့ မျက်ဝန်းတွေက ရိုကျိုးမှု အလျင်းမရှိ။ လေးစားမှု မဲ့ကင်းလျက်။ အမှန်စင်စစ်ဆိုရလျှင် ရိုင်းရာကျသည်။
" ကွန်း။ လာထိုင်လေ "
ဟန့်ကို စေ့စေ့ကြည့်ကာ ရပ်နေသည့် ကွန်းကို ဒေါ်ခင်ခင် ဘေးမှာ လာထိုင်ခိုင်းလိုက်ရ၏။ လူစုံတက်စုံ ဖြစ်သွားပြီမို့ အိမ့်မှူးပိုင်က သူမရဲ့ တာဝန်ကို ဆက်လက် လုပ်ဆောင်သည်။
" နောက်တစ်ခုကတော့ အဘွားဖြစ်သူ မဆုံးခင် ကျွန်မကို နှုတ်စကားနဲ့ မှာကြားခဲ့တာ ရှိပါတယ် "
" ဘာများလဲ "
" အကယ်၍ ဦးပိန်တို့လင်မယား ဆန္ဒရှိမယ်ဆိုရင် ဒီအိမ်မှာပဲ ဆက်ပြီး နေခွင့်ပြုဖို့ပါ။ တေးသီကွန်းရဲ့ ပညာရေးကိုလည်း တာဝန်ယူစေချင်ကြောင်း မှာခဲ့ပါတယ်။ ဒါပေမဲ့ အဘွားဖြစ်သူက နှုတ်စကားပဲ ထားခဲ့တာမို့ ကိုသင်ခဟန်အနေနဲ့ အဆင်မပြေရင် ငြင်းပယ်လို့ ရပါတယ်။ ကျွန်မ တာဝန်ယူထားတဲ့ အပိုင်းက ဒီလောက်ပါပဲ "
ဒီအိမ်နဲ့ ဒီမိသားစုအပေါ် သူမတို့ လင်မယား ထားရှိခဲ့သော သံယောဇဉ်နဲ့ သစ္စာတရားကို အသိအမှတ် ပြုပေးခဲ့ခြင်းအတွက် ဒေါ်ခင်ခင်မှာ ဝမ်းသာပီတီ ဖြစ်ရ၏။ ဆက်လက်နေထိုင်ခွင့်က ဟန့်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပေမဲ့ သူမတို့အတွက် နှုတ်စကား ထားခဲ့ရုံတင် ကျေးဇူးတင်စိတ် ဖြစ်မိသည်။ ဒေါ်ခင်ခင်တို့ လင်မယားက အနေအေးသည့် ရိုးသားသူတွေပီပီ ကိုယ့်အပိုင် ပစ္စည်းမဟုတ်သည့် အရာတွေ အပေါ်မှာ မက်မော စွဲလမ်းခြင်း မရှိ။ လိုချင် လောဘ နည်းပြီး ယုံကြည်အားထားရသလို သစ္စာလည်း စောင့်သိသည်။ သက်ရှိ လောကကြီးမှာ လွန်စွာ ရှားပါးလာသည့် စိတ်ဓာတ်ပိုင်ရှင်များပင်။