Unicode font
ဟိုးအရင်တုန်းက...
[ My very first diary ]
ဝတ္ထုတို ( စ/ ဆုံး )အစ
အမလေး... ပျော်လိုက်တာနော်။ ဘဝမှာ လုံးဝကြီးကို လွတ်လပ်ပေါ့ပါးသွားတဲ့ ခံစားချက်မျိုးနဲ့ ပျော်လိုက်တဲ့ဖြစ်ခြင်း။
ဆယ်တန်းစာမေးပွဲ နောက်ဆုံးရက်မှာ စာမေးပွဲခန်းထဲက ထွက်လာတဲ့ ပိုတေးရဲ့ခြေလှမ်းတွေဟာ ပေါ့ပါးသွက်လက်လွန်းလှသည်။ စာမေးပွဲရက် မတိုင်ခင် တစ်ရက်ကတည်းက စာကြည့်စားပွဲပေါ်မှာ မြန်မာစာနဲ့သက်ဆိုင်သော စာအုပ်များသာ တင်ထားပြီး တခြားစာအုပ်များကိုတော့ ဗီရိုထဲမှာ ဘာသာရပ်အလိုက်ခွဲကာ ထည့်ထားခဲ့ပါသည်။
စာမေးပွဲဖြေပြီး အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ ဖြေဆိုပြီးခဲ့တဲ့ မြန်မာစာအုပ်တွေကို ဂျပ်ဖာတစ်ခုထဲ ထည့်ပစ်ပြီး နောက်ရက်ဖြေမယ့် အင်္ဂလိပ်စာအုပ်တွေကို ဗီရိုထဲမှ ထုတ်ယူကာ ကြည့်ခဲ့သည်။ တစ်ရက်ပြီးတစ်ရက် စာအုပ်တွေ ဖယ်ပစ်ခဲ့တာ အခုတော့ နောက်ဆုံးဖြေဆိုတဲ့ဘာသာကို ဂျပ်ဖာထဲ ထည့်ပစ်ရတော့မည်။ ထိုဂျပ်ဖာကို တိတ်နဲ့ သေချာပိတ်သိမ်းပြီး အခန့်ထောင့်မှာ ထားရမည်။ ဒါဆို စာကြည့်စားပွဲပေါ်မှာ ဘာစာအုပ်မှာ မရှိတော့ဘူးပေါ့။
အဲ... တစ်အုပ်တော့ ရှိနေဦးမှာပေါ့။ အရမ်းချစ်လွန်းလို့ ဝယ်ထားတဲ့ ပန်းနုရောင်ဒိုင်ယာရီ စာအုပ်လေးတစ်အုပ်ပေါ့။ ထိုစာအုပ်လေးကတော့ စားပွဲပေါ်မှာ ယခုမှသာ မိန့်မိန့်ကြီး နေရာယူရရှာမှာပါ။
===========
( ၁ )
လမ်းထိပ်က သွားဆရာဝန်လေး
"ဒေါက်တာမင်းစည်သူ""ပိုတေးလေးရေ... ဖြေနိုင်လား"
"ဟုတ်... ဖြေနိုင်တယ် အန်တီလေး"
"ဂုဏ်ထူးလားဟေ့"
"အား... အဲ့ဒါတော့ မပါလောက်ဘူး ဟီး ဟီး"စာမေးပွဲဖြေပြီးချိန်မှာ ပျော်ရွှင်စွာ စက်ဘီးလေးနင်းကာ အိမ်ပြန်လာတဲ့ ဖူးသစ်စ ခေါ် Potato တစ်ယောက် ရပ်ကွက်ထဲက မေးတဲ့လူတွေကို အာပြဲကြီးနဲ့ ပြန်အော်ဖြေခဲ့သည်။ အစာစားတတ်ခါစမှာ အာလူးကြိုက်လွန်းခဲ့လို့ ဖူးသစ်စဆိုတဲ့ နာမည်လှလှလေးပျောက်ပြီး ပိုတေးတိုးဆိုတဲ့ nick name ရရှိခဲ့ခြင်း ဖြစ်သည်။ အမေရဲ့သူငယ်ချင်းက ချစ်စနိုးစပြီး ခေါ်ရာကနေ လူတကာသိတဲ့ နာမည်ဖြစ်သွားတော့သည်။