Unicode font
The last moment 1
ဝတ္ထုတိုအသက်ရှူကြပ်ခြင်း၊ ပင်ပန်ဆင်းရဲခြင်း၊ နေရခက်ခြင်းများ မရှိတော့ပဲ ပေါ့ပါးလွတ်လပ်သွားသကဲ့သို့ ခံစားလိုက်ရလို့ တစ်ခုခုဆိုတာ သဘောပေါက်မိတယ်။
ထင်သည့်အတိုင်း ခုတင်ပေါ်မှာ ဆေးထိုးအပ်ပိုက်တွေ အောက်စီဂျင်ပိုက်တေွ တန်းလန်းနဲ့ မလှုပ်မယှက် နေရတဲ့ဘဝကနေ လွတ်မြောက်သွားခဲ့ပြီကိုး။
ညသည် သူ့တာဝန်သူကျေပွန်စွာ တိတ်ဆိတ်မှောင်မည်းငြိမ်သက်လျက်။ ကျွန်မ body ရှိနေရာ အခန်းငယ်ထဲ မီးရောင်ဝါကျင်ကျင်မှိန်မှိန်လေးသာ လင်းနေခဲ့တယ်။ အခန်းထဲတွင် လူနာဖြစ်တဲ့ ကျွန်မတစ်ယောက်မှလွဲ၍ မည်သူမှ မရှိသောကြောင့် ကျွန်မ သေဆုံးသွားတာကို ဘယ်သူမှ မသိ။
အိပ်ရာပေါ်ပက်လက်နဲ့ စိတ်သွားတိုင်းကိုယ်မပါနိုင်တော့တဲ့ ဘဝကနေ လွတ်မြောက်သွားခဲ့လို့ စိတ်ချမ်းသာမိတယ်။ ကျွန်မ သေချင်နေတာ ကြာပါပြီ။ ဒါပေမဲ့ ကျွန်မ မရှိတော့တာသိရင် ကျွန်မကို ချစ်ခင်တဲ့သူတွေ ဝမ်းနည်းကြတော့မှာ… အထူးသဖြင့် မောင်ပေါ့။
ကျွန်မရဲ့နောက်ဆုံးအချိန်မှာ ကျွန်မကို အင်မတန်ချစ်မြတ်နိုးတဲ့ ခင်ပွန်းသည် မောင်က အနားမှာ မရှိနိုင်ခဲ့။
"ချစ်ကို သေခွင့်မပေးနိုင်ဘူး၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရအောင်ကယ်မှာ… အားတင်းထားနော်"
"မောင့်ကို ခွဲမသွားနဲ့နော်… ချစ်မရှိရင် မောင်မနေနိုင်ဘူး၊ သေလိမ့်မယ်"ဟု တဖွဖွပြောတတ်သူမို့ အခုလို သူ မရှိချိန်မှာ ရုပ်နဲ့နာမ်ကွဲသွားတာသိရင် ဘယ်လောက်များ ဝမ်းနည်းပူဆွေးနေရှာမလဲ။ မောင် မသေစေချင်တဲ့ မောင့်ရဲ့ချစ်ဇနီးက မောင် အနားမှာမရှိချိန်မှ သေဆုံးသွားရတယ်လို့… ။
နေ့လယ်က ကျွန်မကို သတင်းလာမေးတဲ့လူတွေ ခပ်တိုးတိုးပြောနေသံကို ကြားလိုက်မိတယ်။ မောင်က ဆေးရုံပေါ်က နာမကျန်းတဲ့မိန်းမကို ပစ်ထားပြီး နောက်မိန်းမတစ်ယောက်နဲ့ပျော်ပါးနေသတဲ့။ အဲ့ဒီမိန်းမနဲ့ ဖောက်ပြန်နေတာက ကျွန်မ နေမကောင်းမဖြစ်ခင်ကတည်းကတဲ့။
![](https://img.wattpad.com/cover/289247986-288-k974902.jpg)