၂၄ (Zaw Gyi)

31 3 0
                                    

"မေမေ သမီး ရေမုန့်စားချင်တယ် ကြက်ဥနဲ့"

"အာ့ဆိုလာ ဒီဆိုင်မှာဝယ်ကြမယ်"

ပွဲဈေးအထွက်နားတွင် ကောင်မလေးတို့သားအမိ ရေမုန့်ဝယ်ကြသည်။ ကောင်မလေးဆိုပေသိ ငါးနှစ်အရွယ်ကလေးမလေးသာဖြစ်သည်။ ဆံပင်ကုတ်ဝဲလေးနှင့် အသားမွတ်မွတ်ညက်ညက် ဖြူဝင်းဝင်းလေးဖြစ်သည်။

ရေမုန့်ဆိုင်သည် သေးသေးလေးပေမယ့် လူတွေအုံနေကြပါသည်။

မှုန့်မွှတ်အရည်များကို ဗန်းငယ်လေးပေါ် ရှဲခနဲကျဲချလိုက် ပဲပြုတ်ကလေးဖြူးလိုက် အဝတ်စလေးထုံးချည်ထားသော သီတံဖြင့် ဆီလေးတို့လိုက်နှင့် တစ်ခုပြီးတစ်ခု လုပ်နေသည်ကို ကောင်မလေး စိတ်ဝင်တစားကြည့်နေမိသည်။ ကြက်ဥ ငုံးဥနှင့်လည်း ရနိုင်သလို ရိုးရိုးလည်းရသည်။ ထိုကောင်မလေးကတော့ ကြက်ဥနှင့်ပိုကြိုက်သည်။

"ဟေ့ကောင် ခဏ"

ရုတ်တရက် ​အသံတစ်သံကြောင့် ထိုကလေးမလေး လှည့်ကြည့်လိုက်သည်။ အစ်ကိုနှစ်ယောက်ဖြစ်သည်။ တစ်ယောက်၏လက်ကို တစ်ယောက်ကဖမ်းဆွဲထားသည့် မြင်ကွင်းကို စိုက်ကြည့်နေမိပါသည်။ ကလေးမလေးသည် ခုမှငယ်ငယ်ဆိုတော့ ကျီးကန်းတောင်းမှောက် မြင်သမျှလိုက်စူးစမ်းကြည့်တာ မဆန်းလှ။ ထူးဆန်းတာမြင်လျှင် အာရူံကပ်ကပ်ပါသွားတတ်တာ ကလေးများ၏ သဘာဝပင်။

"ဟို ငါ့ကို တစ်ခုလောက် ကူညီပါလား"

"အင်း"

"ဆိုင်ကယ်အပ်ထားတာ ပြန်ထုတ်ဖို့ ပိုက်ဆံမကျန်တော့လို့။ ၁၅၀၀လောက် ချေးပါလား"

"ငါ့ကိုသိလို့လား"

သူတို့နှစ်ယောက် အပြန်အလှန်ပြောနေသည့်စကားများကို ဘာရယ်မဟုတ် အသေအချာကြားနေရပါသည်။ ကလေးဆိုတော့ နားမလည်တစ်ချက် နားလည်တစ်ချက်ဆိုပေမယ့် ပိုက်ဆံချေးနေသည့်အကြောင်းမှန်း သိပါသည်။

"မမှတ်မိဘူးလား။ ဟို မနက်က မင်းကို အချိုရည်ဗူးနဲ့ ကန်မိတာ ငါလေ"

"သြော်"

"တစ်ယောက်တည်းလာတာ။ ဒီလူအုပ်ထဲ အသိကလည်း မရှိဘူးလေကွာ။ ကူညီပါကွာနော်
ဆိုင်ကယ်မပါရင် သတ်မှာ အိမ်က"

Two & SnowWhere stories live. Discover now