“Nora…Nora…Lily…Lily…”ရေဇလုံထဲ၌ မျောနေသော ပန်းသီးများကို ပါးစပ်သုံးပြီး အသည်းအသန် ဖမ်းကိုက်ဖို့ ကြိုးစားနေသော ကျွန်မ နှင့် Nora တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်လိုက်မိကြသည်။
တရားဝင်ကျောင်းမပိတ်သော်လည်း Halloween နေ့ ဖြစ်၍ ဘယ်ဆရာမှ စာသင်ဖို့ စိတ်မပါကြ။
ကျောင်းသူကျောင်းသား အားလုံးကလည်း စာသင်ခန်းများကို သွေးတုများ၊ ကြောက်စရာ မျက်နှာဖုံးများ၊ ရွှေဖရုံသီး မီးပုံးများ စသည့် ပစ္စည်းများဖြင့် Halloween အပြင်အဆင်တွေလုပ်ကာ ဂိမ်းတွေ တစ်မျိုးပြီး တစ်မျိုး ပြောင်းဆော့နေကြသည်။နောက်ဆယ်မိနစ်ကျော်ကြာသည်အထိ Noraရော ကျွန်မပါ ပန်းသီးတစ်လုံးမှ ဖမ်းမမိသေး။ ကျွန်မ၏ မျက်နှာ တစ်ခုလုံးသာမက ရွှေရောင်ဆံပင်တွေပါ ရေတွေ ရွှဲရွှဲစိုနေပြီ။
ရုတ်တရက် Nora ၏ ရည်းစား Ben က သူ့ဆံပင်ညို တွန့်လိမ်လိမ်တွေကို သပ်တင်ရင်း ပြုံးတုံ့တုံ့နှင့် စည်ဝိုင်းဘေးသို့ လျှောက်လာတော့ ကျွန်မ မျက်မှောင်ကြုတ်လိုက်မိသည်။
“ဟေး Ben…အဲ့လို မညစ်နဲ့လေ...ဟေး”
ကျွန်မ အသည်းအသန် အော်ပြောတော့ Ben ရော၊ Nora ရောက တခွိခွိနှင့် ရယ်ကြသည်။ ထို့နောက် Ben က ကျွန်မကို လျှာထုတ် ပြောင်ပြကာ ရှေ့ရေဇလုံထဲရှိ ပန်းသီးကို Nora၏ နှုတ်ခမ်းဖူးဖူးနားသို့ တိုးကာ ထိန်းပေးထားသည်။
Nora ကလည်း အခက်အခဲမရှိ အသာလေး ကိုက်ယူလိုက်နိုင်သည်။ Nora ခေါင်းပြန်မော့လာသည်နှင့် Ben၏ အသံ စူးစူးဝါးဝါးက ဟိန်းခနဲ ထွက်လာတော့သည်။
“ပန်းသီးကိုက်ပွဲမှာ အနိုင်ရရှိသွားသူကတော့ အချောအလှလေး Nora ပဲ ဖြစ်ပါတယ် ခင်ဗျာ။”
ပတ်ပတ်လည်ရှိ ကျောင်းသားများကလည်း လက်ခုပ်လက်ဝါးတီးကာ တဟားဟားနှင့် ပွဲကျနေသည်။
“Ben…Nora... နင်တို့ တကယ် မတရားတာနော်။ ငါ့လက်တွေကိုသာ နောက်ပစ်ကြိုးချည်မထားရင် နင်တို့ နှစ်ကောင်လုံးကို အရေခွံစုတ်ပစ်ပြီ။”
Benရော Noraရောက တက်မတတ် ချက်မတတ် လှိမ့်ပိတ်ရယ်နေကြသည်။ ကျွန်မပါ သူတို့နှင့်အတူ လိုက်ရယ်မိရင်း တစ်နေရာသို့ အကြည့်ရောက်မိသည့်အချိန်တွင်တော့ တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရသည်။
YOU ARE READING
One Shot Collection