Part 1

833 99 27
                                    

[ Unicode ]

ကောင်းကင်သည်မှိုင်းညှို့ကာ မိုးတဖွဲဖွဲရွာသွန်းနေသည်။ လမ်းမဘေးပလက်ဖောင်းထက်တွင် ပြေးလွှားနေကြသော သူများလည်းရှိသလို ထီးကိုခပ်ငိုက်ငိုက်ဆောင်းကာ သွက်သွက်လက်လက် သွားလာနေကြသူများလည်းရှိသည်။ လူတွေသာတဖြည်းဖြည်းပါးလာသည်၊ မိုးသည် သည်းသထက်သည်းလာဆဲ။

ထို့အတူ သူ့မျက်စိရှေ့ ဘက်စ်ကားမှတ်တိုင်တစ်နေရာတွင် ထိုင်နေသောကောင်လေးကလည်း မိုးအတိတ်ကိုစောင့်နေတာ မိနစ် ၃၀ လောက်တော့ ရှိပြီထင်၏။ အတွေးနှင့်အတူ ဘခ်ဟျွန်းသူ့နာရီကိုငုံ့ကြည့်လိုက်တော့ ညနေ ၅ နာရီခွဲနေပြီ။ ပုံမှန်ကျောင်းဆင်းချိန်ထက် သိသိသာသာနောက်ကျနေပြီမို့ သူပြန်မှဖြစ်တော့မည်။ ထီးလည်းပါရက်သားနှင့် စတိုးဆိုင်၏တံဆက်မြိတ်အောက်မှာ ဝင်ရပ်ရင်း ထိုမှတ်တိုင်ကကောင်လေးကို သူစိုက်ကြည့်နေမိတာ။

ထိုကောင်လေးကတော့ သူ့အကြည့်တို့ကို ခံစားမိပုံမပေါ်။ ဂုပ်ထောက်ဆံပင်ဘုတ်သိုက်ကြောင့် သိသိသာသာဖုံးအုပ်နေတတ်သော မျက်ဝန်းများနှင့် အရပ်ကြီးကလန်ကလားဖြစ်နေသလောက် ခေါင်းငိုက်စိုက်ချလမ်းလျှောက်တတ်သော ပုံရိပ်တွေက လျှက်တစ်ပြတ်ကြည့်လျှင်တောင် မည်သူ့ကိုမှ မဆွဲဆောင်နိုင်မှာ အသေချာပင်။ ဆိုသည့်တိုင် သူ့အာရုံကိုဆွဲဆောင်ထားနိုင်သည်က တလောကဖြစ်ခဲ့သည့် တိုက်ဆိုင်မှုကိစ္စတစ်ခုကြောင့်။

တိုက်ဆိုင်မှုဆိုသည်ကား ရန်ပွဲတစ်ခုသာဖြစ်၏။ ဘခ်ဟျွန်းသည် ရန်ပွဲတိုင်းနှင့် မစိမ်းဘဲဝင်ပါနေတတ်သည့် ခပ်ဆိုးဆိုးကျောင်းသားတွေထဲတော့ မပါ။ သို့တိုင် ရန်ပွဲဟုပင် ခေါ်၍မရသည်အထိ ကျောင်းသားလေးယောက်ထံမှ ချောင်ပိတ်အနိုင်ကျင့်ခံနေရသော ထိုပုံရိပ်က သူ့သွေးတွေဆူပွက်လာစေသည်တော့အမှန်ပင်။ လွယ်အိတ်ထဲမှ ပစ္စည်းပစ္စယမှန်သမျှ မောင်ပိုင်စီး ဖျက်စီးခံနေရသလို ရိုက်နှက်မှုမှန်သမျှကိုလည်း မခုခံဘဲ ကုပ်ကုပ်လေးငြိမ်ခံနေသည့် ကောင်လေးက ဘာတွေတွေးနေမလဲတော့မသိ။ အကြီးတစ်ယောက်ဖြစ်နေတာအပြင် ကျောင်း၏နာမည်ရကျောင်းသားမို့ ဘခ်ဟျွန်း တစ်ချက်လောက်ဟိန်းဟောက်ပေးလိုက်ရုံနှင့် ငြိမ်သွားကြသော်ငြား မကြည်ကြည့်ဖြင့်တော့ အကြည့်ခံလိုက်ရသည်မို့ ရှေ့လျှောက်အညှိုးခံရတော့မည်ကတော့ အသေချာပင်။

YEOUBIWhere stories live. Discover now