အကယ်၍ စာနဲ့သာ ချမရေးထားဘူးဆိုရင် ဒီမှတ်ဉာဏ်အသေးလေးတွေက တချိန်ချိန်မှာ မေ့ဖျောက်ခံလိုက်ရမလား မသိနိုင်တဲ့အတွက် အားတဲ့နေ့တစ်ရက်မှာ ကျွန်တော် ချရေးလိုက်ပါတယ်။
အချိန်တွေတိုက်စားခံရပြီး မေ့ပစ်သွားမိတာမျိုး ကျွန်တော်အဖြစ်မခံနိုင်ဘူးလေ။ကျွန်တော့အတွက် ကိုကိုနဲ့ပတ်သတ်သမျှ မှတ်ဉာဏ်အပိုင်းအစလေးတွေက ဒီခတ်ခဲလွန်းတဲ့ ဘဝတစ်တစ်ချိုးကာလမှာ အများကြီးပျော်ရွှင်စေခဲ့တဲ့အတွက် အရမ်းမြတ်နိုးပြီး တန်ဖိုးထားရလွန်းပါတယ်။
ဘယ်ကစပြောရမလဲ...
အင်း...နည်းနည်း ရင်နာနာနဲ့စပြောရရင်ကျွန်တော်သဘောကျရတဲ့ ကိုကို့မှာ ဆိုင်သူရှိပါတယ်တဲ့။
လူ့ဘောင်လောကရဲ့စည်းမျည်းတွေကို ကျွန်တော်နားလည်ပါတယ်။ အဲ့တာကြောင့်မို့ပဲ ဒီသတင်းကို နားစွန်နားဖျားကြားလိုက်မိတဲ့နေ့ကစပြီး ကျွန်တော့်ဘက်က ရှိနေတဲ့နေရာလေးမှာပဲရပ်ပြီး ခံစားရသမျှ အရာအားလုံးကို တစ်ယောက်ထဲသိမ်းထားလိုက်တာပါပဲ။
ဒါပေမယ့်....မလွယ်ကူတဲ့အရာမှန်း ကျွန်တော်သိနှင့်ပြီးသားပါ။ တစ်ရက်ပြီးတစ်ရက် ထိန်းထားလို့မရတဲ့ ကိုယ့်စိတ်ကိုယ်ကျိန်ဆဲရင်း နေ့ရက်တိုင်းက ကျွန်တော့်မှာ ငရဲတစ်လှည့် နိဗ္ဗာန်တစ်လှည့်ရယ်နဲ့။ အိမ်မက်တွေထဲထိ လိုက်ပြီး ကျွန်တော့်ဘေးမှာလာထိုင် "ဘာကြည့်တာလဲ" လို့လာမေးတဲ့ ကိုကိုက ရက်ရက်စက်စက်ပါပဲ။ ဝဋ်ကြီးလိုက်တာဗျာ...
ဟိုးအစတုန်းကတော့ ကိုကိုက ချောတယ် သန့်တယ် ဆိုတာမျိုးလောက်ပဲ ကျွန်တော့်စိတ်ထဲ ခပ်ပေါ့ပေါ်ရှိနေခဲ့တာမျိုး။ မထင်ထားမိတဲ့ တစ်ရက်ကပေါ့လေ... Lunch breakနေ့လည်ခင်းမှာ ဗမာကားမဟုတ်တဲ့ လက်တွေ့ဘဝကြီးထဲ ကျွန်တော် ကိုကိုနဲ့ လမ်းအကွေ့လေးမှာ ထိပ်တိုက် ဝင်တိုက်မိခဲ့ပါတယ်။
ပြဿနာလှလှလေးလို့ ကိုယ့်ဘာသာတင်စားခဲ့တဲ့ အဲ့ဒီနေ့မှာ ရှက်ကိုးရှက်ကန်းနဲ့ ရီပြီး ကွေ့ရှောင်သွားတဲ့ ကိုကိုက ကျွန်တော့်ရဲ့ ယောကျာ်းတွေပေါ် တိုင်းချထားတဲ့ စံညွှန်းအားလုံးကို ချိုးဖျက်သွားခဲ့ပါတယ်။ တကယ်ကိုပဲ အဲ့ဒီနေ့က ကျွန်တော် ဝိဉာဉ်တွေလွင့်နေခဲ့တယ်။
![](https://img.wattpad.com/cover/295445215-288-k39179.jpg)