A Thousand Yellow Daisies

586 69 52
                                    

" ချွလွင် ချွလွင် "

ပန်းဆိုင်ငယ်လေးရဲ့တံခါးကို တစ်ယောက်ယောက်က တွန်းဖွင့်လိုက်တိုင်း ဦးစွာကြားရနေကျ သာယာသောဆည်းလည်းသံ။ ထိုအသံနဲ့ထပ်တူ နောက်ထပ်သာယာသော အသံလေးတစ်သံလည်းရှိသေးသည်။

" ကြိုဆိုပါတယ်ခင်ဗျာ "

ခဲရောင်အေပရွန်လေးကို၀တ်ထားသော ပန်းဆိုင်ပိုင်ရှင်လေးက ဆိုင်ထဲသို့၀င်လာတဲ့ ဧည့်သည်လူငယ်လေးကို ချိုသာစွာနှုတ်ဆက်လိုက်သည်။

" အဖြူရောင်ဂန္ဓမာပန်းစည်းတစ်စည်းပေးပါ "

" ဘယ်အရွယ်အစားလောက်လိုချင်ပါလဲခင်ဗျ "

" ပုံမှန်ဆိုရပါတယ် "

" ဟုတ်ကဲ့ "

အဖြူရောင်ဂန္ဓမာပန်းစည်းကို လာ၀ယ်တဲ့ ဧည့်သည်လူငယ်လေးက အနက်ရောင်၀တ်စုံအပြည့်နှင့်ဖြစ်သည်။ သူ့မျက်နှာပေါ်က ပူဆွေးမှုအရိပ်အယောင်တွေက ငယ်ရွယ်သေးတဲ့သူ့ရဲ့မျက်နှာလေးကို အိုမင်းရင့်ရော်စေနေသည်။

ထိုလူငယ်လေးက ပန်းစည်းကို သေသပ်ပိုင်နိုင်စွာ စည်းနှောင်နေတဲ့ ပန်းဆိုင်ပိုင်ရှင်‌လေးရဲ့ လက်ချောင်း‌တွေကို အသိစိတ်ကင်းမဲ့နေသူတစ်ယောက်ပမာ ငေးကြည့်နေသည်။ ထို့နောက်တော့ အနည်းငယ်တုန်ခါသွားတဲ့ သူ့အိတ်ထဲကဖုန်းကို ထုတ်ကြည့်လိုက်သည်။

" ရပါပြီခင်ဗျ "

" ဧည့်သည်...အဆင်ပြေရဲ့လားခင်ဗျ "

ပန်းဆိုင်ပိုင်ရှင်လေးက အလန့်တကြားမေးလိုက်မိသည်။ အကြောင်းမှာ သူကမ်းပေးတဲ့ ဂန္ဓမာပန်းစည်းကို လှမ်းယူလိုက်တဲ့ ဧည့်သည်လူငယ်လေးရဲ့ မျက်၀န်းအိမ်မှ မျက်ရည်တွေစီးကျနေခြင်းကြောင့်ဖြစ်သည်။

ဧည့်သည်လေး အခုလိုဖြစ်ရခြင်းအကြောင်းကိုတော့ အနက်ရောင်၀တ်စုံနဲ့ ဂန္ဓမာပန်းစည်းတို့ကို စပ်ဆက်ကြည့်ရုံနဲ့တင် ပန်းဆိုင်ပိုင်ရှင်လေး ရိပ်မိလိုက်ပါသည်။

" ဒါလေး ယူလိုက်ပါ "

ပန်းဆိုင်ပိုင်ရှင်လေးက သူ့ရဲ့အိတ်ကပ်ထဲမှာ အမြဲလိုလိုထည့်ထားတတ်တဲ့ လက်ကိုင်ပဝါလေးကို လှမ်းပေးလိုက်သည်။

A Thousand Yellow DaisiesWhere stories live. Discover now