3

381 65 6
                                    

[Unicode]

ကိစ္စများဖြေရှင်းပြီးနောက် ရှောင်းလျန် ရက်အတော်ကြာအောင် ယန်အိမ်တော်ဘက် သွားလည်လေ့ရှိပေမယ့် ဂိတ်ပေါက်ကိုတော့ ဘယ်တော့မှ မဖြတ်သွား။ သူက ယန်ရှီရှ အခြေအနေ ဘယ်လိုရှိသလဲ သိချင်မိရုံသာ။ အကယ်၍များ ကံကောင်းပါက ယန်ရှီရှ လမ်းလျှောက်ထွက်လာတာတောင် သူ မြင်ရနိုင်သည်။

သန်ဘက်ခါဆိုလျှင် သူ့လက်ထပ်ပွဲနေ့ ရောက်တော့မှာမို့ ဒီနေ့က ရှောင်းလျန်အနေနှင့် ယန်ရှီရှကို လာတွေ့လို့ရမည့် နောက်ဆုံးနေ့ရက်ဖြစ်လိမ့်မည်။ ရှောင်းမိသားစုက ဒီလက်ထပ်ပွဲကို ဂရုစိုက်ခြင်း မရှိပေမယ့်လည်း ပြင်ဆင်ဖို့တော့ တစ်ရက်လိုအပ်နေသေးတာပင်။

ဆောင်းဦးရောက်နေပြီဆိုပေမယ့် ရာသီဥတုက တစ်ခါတစ်လေကျ အိုက်စပ်စပ်ဖြစ်နေဆဲ။ ရှောင်းလျန်က ယန်အိမ်တော်ရဲ့အပြင်ဘက်တွင် လူတိုင်းရဲ့အာရုံကို ဆွဲဆောင်နေတဲ့အရူးတစ်ယောက်လို နေရောင်ထဲ ရပ်မနေတော့။ ထိုအစား ခုံပုတစ်လုံးကို ယူလာပြီး လူသူသတိထားမိခြင်း မခံရတဲ့နေရာတွင် ထိုင်လျက်ရှိနေတတ်သည်။ သူ့ရဲ့အပ်ချုပ်ပစ္စည်းများ အစုံအလင်ပါတဲ့ဘူးသေးသေးလေးဖြင့် သူက လက်ကိုင်ပုဝါများကိုလည်း ထိုးချည်နေတတ်သေးသည်။

မနေ့က သူ ချင်းယွမ်မြို့ရဲ့အိမ်တော်ကြီးတစ်ခုဖြစ်သည့် ယွီအိမ်တော်ထံမှ လက်ကိုင်ပုဝါ တစ်ရာလိုချင်တယ်ဟူသည့် အမှာစာတစ်ခု လက်ခံရရှိခဲ့သည်။ ဒါက နှစ်ကူးပြီး ပထမလမှ ယူမှာဖြစ်တာမို့ ဒီ​အမှာစာကို ပြီးမြှောက်အောင်လုပ်ဖို့အတွက်လည်း သူ့မှာ အချိန်ပေါပေါများများရှိနေပြီး ပေးအပ်ငွေကလည်း အတော်လေးများလှသည်။ ယွီအိမ်တော်က သူ့ကို လက်ကိုင်ပုဝါအတွက် အရောင်ပါသည့်ပိတ်စများကိုပါ ပေးပို့ပေးလာပြီး ရှောင်းလျန်ရဲ့တစ်ခုတည်းသောအလုပ်က ထိုလက်ကိုင်ပုဝါများအပေါ် ပုံစံဖော်ပေးရန်ဖြစ်သည်။ မှာယူသူထံမှ မဖြစ်မနေလိုအပ်ချက်တစ်ခုကိုသာ ပြောလာသည် : ဒီပုဝါများအပေါ် ပုံစံဖော်သူက ရှောင်းလျန်ဖြစ်နေရမည်။

အစကတော့ ရှောင်းလျန် စိတ်ရှုပ်ထွေးသွားရသည်။ သူ့အပ်ချုပ်ဆိုင်လေးက နာမည်ကြီးလှတာ မဟုတ်။ သို့သော် မှာကြားချက်က အရမ်းရိုးရှင်းလှပြီး ပေးအပ်ငွေက များလွန်းနေ၏။ အထူးဆန်းဆုံးအပိုင်းက ထိုနေ့က အမှာစာပေးကြားသူ ပြောသွားချက်များကို နားထောင်လိုက်ရခြင်းပင်။ "ဆုငွေဆိုတာ ကောင်းတာလုပ်တဲ့လူတွေဆီကိုပဲ ရောက်လာတာပါ။ ဒီကသူဌေးလေး အရင်တုန်းက ဉာဏ်ရည်ချို့တဲ့နေတဲ့ကောင်လေးတစ်ယောက်ကို ဂရုစိုက်ပေးဖူးခဲ့တယ်မလား။"

You've reached the end of published parts.

⏰ Last updated: Jan 26, 2022 ⏰

Add this story to your Library to get notified about new parts!

Kan Jian Ni Le ||Myanmar Translation|| Where stories live. Discover now