Unicode

303 36 27
                                    


~ ၁ ~

      ၁၉၆၅ ခုနှစ်၏ တစ်ခုသောညနေခင်းတွင် ဖြစ်သည်။

      ‎စောချမ်းသည် ဝါးပိုးဖက်ခမောက်များကို တစ်ဖက်ရွာသို့ ဖောက်သည်သွားသွင်းရာမှ ပြန်လာခဲ့သည်။ ပုဆိုးအား ခပ်တိုတိုဝတ်ထားပြီး ဘားတန်းစက်ဘီးကို အားစိုက်နင်းနေလေရာ ဖြူလွှလွှခြေသလုံးသားမှာ ဆည်းဆာအောက်တွင် ရွှေအိုရောင်ထင်ဟပ်နေ၏။ ခမောက်ရောင်းရငွေ အမြတ်အစွန်းအချို့က ပါလာခဲ့သည်မို့ အပြုံးရေးရေးမှာ မျက်နှာထက်ဝယ် မင်းမူထားသည်။ လည်ဂုတ်အထိရှည်သော ဆံနွယ်များကလည်း လေအဝေ့တွင် နောက်ပြန်ယိမ်းနွဲ့ကာ ထွန့်ထွန့်လူးနေကြသည်။ အလှတရားတို့ကို ဂုဏ်ဖော်ရပါလျှင် စောချမ်းသည် မိန်းမသားများ လက်မှိုင်ချရလောက်အောင်ပင် နုပျိုချောမောလေသည်။

      ‎ရေကြည်ချောင်းရွာထိပ်ကို ရောက်သောအခါ စောချမ်း စက်ဘီးပေါ်မှ ဆင်းလိုက်သည်။ ကုန်းမြင့်သော နေရာပေမို့ စွမ်းအင်ကို ချွေတာခြင်းဖြစ်လေသည်။ ဤသို့ဖြင့် ရွာအဝင်လမ်းမဘေးရှိ သူနေထိုင်ရာ ခြံထဲသို့ ရောက်လာခဲ့သည်။

      ‎"အဘွားရေ ... အဘွား အစောပြန်ရောက်ပြီဗျ"

      ‎စောချမ်းက အားကြိုးမာန်တက်အော်ပြောလိုက်သော်လည်း တုံ့ပြန်သံကိုတော့ မကြားရပါချေ။ ဒါသည် ဖြစ်ရိုးဖြစ်စဉ် သမာရိုးကျကိစ္စသာပင်။

      ‎စောချမ်းသည် သူငယ်ပြန်နေသော အဘွားအား လုပ်ကျွေးနေသည့် မြေးအလိမ္မာလေး ဖြစ်ပါသည်။ သူသည် ယခင်နှစ်များက ခြေမွေးမီးမလောင်လက်မွေးမီးမလောင်နေခဲ့ရသည့် သူဌေးသားလေးဖြစ်၏။ ဖခင်ဆုံးပါးပြီးချိန်တွင်တော့ အိမ်၏စီးပွားရေးမှာ တဖြည်းဖြည်းချွတ်ခြုံကျလာသည်။ ထို့ကြောင့် အထက်တန်းအောင်ပြီးနောက် စောချမ်းကောလိပ်ဆက်တက်ခွင့် မရခဲ့ပေ။ ငယ်ရွယ်ပြီး ကြော့ကြော့မော့မော့နေလိုသော မိထွေးဖြစ်သူမှာလည်း လက်ဝတ်လက်စားများအား အပိုင်သိမ်းကာ စောချမ်းတို့ကို မျက်နှာလွှဲခဲပစ် ချစ်ရစ်ခဲ့၏။ နိဂုံးချုပ်သော် အခွံသာရှိပြီး အဆံမဲ့နေသည့် အိမ်ကြီးရခိုင်ထဲတွင် စောချမ်းတို့မြေးအဘွားသာ ကျန်ခဲ့ရလေသည်။

အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ (One Shot)Where stories live. Discover now