Part 46(Unicode)
814 74 17
"ပဲခူးမြို့ လှိုက်လှဲစွာ ကြိုဆိုပါ၏"ဟူသော
မြို့အဝင်ဆိုင်းဘုတ်က ရန်ကုန်ကို ကျောခိုင်းခဲ့သော ကားအဖြူလေးအား ဝတ္တရားမပျက် ကြိုဆိုနေခဲ့သည်။ အရှေ့ဘက်မြင်ကွင်းမှတဆင့် ပြောင်းလဲသွားသော ပတ်ဝန်းကျင်တွေက နိုင်းစစ်အတွက် ရိုးအီနေပြီဖြစ်သော်လည်း အလွမ်းစိတ်ကတော့ ခံစားလိုက်ရချိန်တိုင်းမှာ အသစ်အဆန်းတစ်ခုသဖွယ် နင့်နင့်နဲနဲ။
ချမှတ်ထားသော လမ်းကြောင်းတစ်ခုမှ
သွေဖယ်သွားခြင်း မရှိသော အချိန်နာရီတွေမှာ အသားကျဖို့အတွက် ပင်ပန်းကြီးစွာ ကြိုးပမ်းအားထုတ်နေရခြင်းကပဲ နိုင်းစစ်၏ စိတ်ကို ပိုအိုစာသွားစေခဲ့သလား မသိ။ မေတ္တာဓာတ်ကလေးနှင့် ကင်းရချိန်ဟာ နှစ်ဆယ့်လေးနာရီပင် မပြည့်သေးသော်လည်း နိုင်းစစ်ကတော့ မိုင်ပေါင်းငါးဆယ်အကွာအဝေးမှာတင် သက်ပြင်းမောများကို မရေမတွက်နိုင်အောင် ဖန်တီးယူပစ်ခဲ့သည်။
ဒီလိုနဲ့ နီးကပ်လာတဲ့တစ်နေ့မှာ နိုင်းစစ်တို့နှစ်ယောက်ရဲ့အကွာအဝေးက
မိုင်ပေါင်းငါးထောင်ကျော်သို့ ရောက်ရှိသွားခဲ့မည်ဆိုလျှင်...။
"အခုကတည်းက လွမ်းလိုက်ရတာ crystalရယ်"
တစ်ကိုယ်တည်း ရေရွတ်မိခြင်းက လျော့ရဲသော
အပြုံးစအချို့ကို ဖြစ်တည်စေသည်။ ကမ္ဘာသစ်ကတော့ အေးချမ်းသည့် ပိတောက်ပင်ရိပ်အောက်မှာ မပြောင်းလဲသော တည်ရှိမှုဖြင့် နေခြည်နွေးနွေးကို ခံယူနေဆဲ။ ထို့အပြင် ကမ္ဘာသစ်ဟာ ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေသော ကာလစက်ဝန်းမှာ စွန့်ခွာပြီးသား ရွက်ဟောင်းတို့အတွက် လွမ်းဆွတ်တမ်းတခြင်းကင်းသော သစ်ပင်ကြီးတစ်ပင်အဖြစ်လည်း ရပ်တည်ခိုင်မာခဲ့ပြန်သည်။
တကယ်တမ်း မခိုင်မာခဲ့သူက နိုင်းစစ်တစ်ယောက်သာ...။
"ချစ်ကိုရေ နင့်ဆရာပြန်လာပြီဟေ့။"
ထမင်းစားဆောင်ကနေ နှစ်ထပ်တိုက်ဘက် ကူးလာသော
စုချစ်ပိုင်က ကမ္ဘာသစ်ခြံဝန်းထဲသို့ ဝင်လာသည့် ကားအဖြူလေးကို မြင်မြင်ချင်း ချစ်ကို,ကို အသံစာစာနှင့် အော်ခေါ်သည်။  ကားအဖြူလေး စက်သတ်ချိန်နှင့် နှစ်ထပ်တိုက်ကနေ ချစ်ကိုတစ်ယောက် ပြေးထွက်လာချိန်က တစ်ချိန်တည်း။ ထို့နောက် စုချစ်ပိုင်၏ လက်ဟန်ပြမှုအတိုင်း ချစ်ကိုက နိုင်းစစ်ထွက်လာမည့် ကားတံခါးကို အဆင်သင့် ဖွင့်ထားပေးပြီး စုချစ်ပိုင်ကတော့ နိုင်းစစ်ကမ်းလာမည့် လက်ဆွဲအိတ်ကို စောင့်ယူသည်။ ရန်ကုန်မှ ပြန်လာချိန်တိုင်း နိုင်းစစ်ဆီမှာ သူတို့အတွက် တစ်ခုခု ပါလာတတ်သဖြင့် ထိုအချိန်ဆိုလျှင် စုချစ်ပိုင်နှင့် ချစ်ကိုတို့ နှစ်ယောက်စလုံး ဤကဲ့သို့ပင် စည်းလုံးညီညွတ်သွားတတ်ကြမြဲ။