ဒီနေ့မိုးတွေရွာနေတယ်...ဆောင်းတွင်းထဲမှာ မိုးရွာတာက ဖြစ်လေ့ဖြစ်ထရှိသလားဆိုတာ ကျနော် သေချာမသိပေမယ့် ကော်ဖီမချိုမခါးလေး တစ်ခွက်ကိုဖျော်လိုက်ပြီး ဆရာမပုညခင်ရဲ့ အိမ်မက်ဆက်ကြိုးစာအုပ်လေးနဲ့အတူ ဖုန်းကိုပါယူပြီး ကုတင်ပေါ်က ပြတင်းပေါက်နားမှာ ခေါင်းဦးကိုမှီပြီးထိုင်လိုက်သည်။
အပြင်ဘက်မှာရှိတဲ့မိုးစက်မိုးပေါက်တွေကိုငေးကြည့်ရင်း မကြာခင်မှာ အာဏာသိမ်းခံရတာ 1နှစ်ပြည့်တော့မယ်ဟု စိတ်ထဲမှာ တွေးမိရင်း သက်ပြင်းကိုမသိမသာချမိလိုက်သည်။ယိုယွင်းပျက်ဆီးလာတဲ့ မြန်မာနိုင်ငံကြီးနဲ့အတူ စိတ်အစုံဟာလည်း ယိုယွင်းလာသည်က တားမရ။
မှုန်ဝါးဝါးဖြစ်နေသည့် အနာဂတ်ဟာ မိုးရေစက်ထဲက အမှူန်အမွှားလေးတွေလိုပင် ဘယ်ဆီဘယ်ဝယ်ဖမ်းဆုပ်ရမှန်းမသိ။
ထို့ကြောင့်စိတ်အစုံကို တည်ငြိမ်စေရန် စာအုပ်ကို ဖွှင့်ပြီး ဖတ်ဖို့ရာပြင်လိုက်သည်။တစ်မျက်နှာ ၊နှစ်မျက်နှာ၊ သုံးမျက်နှာမြောက်ရောက်သည့်အခါတွင်တော့ စုစည်းမရတဲ့စိတ်အစုံကြောင့် စုတ်သတ်လိုက်ရင်း စာအုပ်ကိုပိတ်ပြီး ဘေးချလိုက်သည်။
“ကျစ်...စိတ်တွေက ဘာဖြစ်နေတာလဲ....”
မကြည်မလင်ဖြစ်မှုနှင့်အတူ ဖုန်းကိုကောက်ပြီး သီချင်းနားထောင်ဖို့ရာ ဖွှင့်လိုက်သည်။
ရည်ရွယ်ချက်က သီချင်းနားထောင်ရန်ဖြစ်သော်လည်း ဘယ်တုန်းကမှ ထိန်းချုပ်လို့ မရနိုင်ခဲ့သည့် စိတ်အစုံဟာ ဓာတ်ပုံ albumsဆီသို့ လက်ရောက်သွားသည်။စိတ်ရဲ့စေစားမှုအတိုင်း ဓာတ်ပုံဖိုင်တွေကို ငူငူငိုင်ငိုင်ပဲကြည့်နေမိသည်။
ဟာသပုံလေးတွေမြင်သည့်အခါ ပြုံးယောင်သမ်းသွားသလို ဝမ်းနည်းစရာ ကဗျာတို့လေးတွေမြင်တိုင်း စိတ်အစုံကမှိုင်းညှို့သွားပြန်သည်။သပိတ်မှောက်ဆန္ဒပြသည့်အချိန်တုန်းက အားလုံး ကမ္ဘာကြီးမှ နိုင်ငံအသီးသီး၏ attentionကောင်းကောင်းရစေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လုပ်ဆောင်ခဲ့သည့်ပုံများကိုမြင်တော့ နှုတ်ခမ်းတစ်စုံဟာကွေးညွှတ်သွားရသည်။