Unicode
နွေဦးနံနက်ခင်းတစ်ခု၏အစ။
လေအဝှေ့တွင် ခပ်ဖြည်းဖြည်း လှုပ်ခါသွားသော လိုက်ကာစကိုဖြတ်၍ အခန်းငယ်အတွင်းကျရောက်လာသော နေရောင်ခြည်နုနု။
ထိုအခန်းငယ်အတွင်းမှ နက်စွေးစွေးစောင်ပုံကြားတွင် နစ်မြုပ်နေသော လူသားနှစ်ဦး။
ဗလာဖြစ်နေသော ရင်ခွင်ကျယ်ကြီးထက် ခေါင်းလေးတင်ကာ အိပ်မောကျနေသည့် နှင်းလုံးလေးသဖွယ် ဖြူနုနုလူသားလေး။
ထိုလူသားလေး၏အမည်နာမသည်ကား မင်ယွန်းဂီ။
လက်တစ်ဖက်ကို ခေါင်းအောက်လျှိုကာ ကျန်တစ်ဖက်ဖြင့် ယွန်းဂီ၏ခါးသိမ်သိမ်အား သိုင်းဖက်ထားသည့် အပေါ်ပိုင်းဗလာနှင့် ရင်ခွင်ကျယ်ကြီး၏ပိုင်ရှင် ခပ်မိုက်မိုက် ခပ်ချောချော လူသားသည်ကား ယွန်းဂီ၏ 'မောင်'။
လိုက်ကာစကိုဖြတ်၍ တစွန်းတစဝင်လာသော နေရောင်ခြည်ကြောင့် ယွန်းဂီ မျက်ခုံးတန်းလေးများ စုကြုံ့သွားရသည်။
အတန်ငယ်ကြာမှ မျက်ဝန်းအိမ်ကို ခပ်ဖြည်းဖြည်း ဖွင့်ဟလိုက်တော့ အရင်ဆုံးမြင်လိုက်ရသည်က မောင့်မျက်နှာချောချော။
ယွန်းဂီ အသာပြုံးလိုက်ကာ မောင့်မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို ဖြူသွယ်သွယ်လက်ချောင်းလေးဖြင့် တို့ထိကြည့်မိရင်း
''မောင်က အိပ်နေတာတောင် ချောနေတုန်းပဲ
ဟိ..ဟိ...''သဘောတကျ ရယ်သံလွယ်လွင်လေးက အခန်းအတွင်း ပျံ့နှံ့ထွက်ပေါ်လာသည်။
ရုတ်တရက်ဆိုသလို ယွန်းဂီ၏လက်သွယ်သွယ်လေးကို ဖမ်းဆုပ်လိုက်သော တက်တူးတို့ဖြင့် ယောက်ျားဆန်လှသည့် လက်တစ်ဖက်။
''မောင့်မျက်နှာကို ထိတွေ့ရတာ အတော်သဘောကျနေတယ်ပေါ့လေ ဟွန်..''
အိပ်ရာထခါစ မောင့်မျက်ဝန်းတွေက မှေးကျဉ်းကျဉ်း။
ခပ်ရှရှက မောင့်အသံက ယွန်းဂီ ရင်ခုန်သံတွေကို မြန်ဆန်စေသည်။''ဟွန်လို့.. အချစ်
မောင့်မျက်နှာကို ထိတွေ့ရတာ အဲ့လောက်သဘောကျလားလို့''