Short Story - Unicode

1.8K 207 16
                                    

ပွဲကြိုက်ပျိုခင် ရေဗိမာန်သဘင်
--------------------------------------------

နှစ်သစ်ကူးလို့ ချစ်ဦးကိုရှာဖွေ ဘယ်အရပ်ဌာနေ ဘယ်ဆီများသွားပါလိမ့် အနေစိမ့်တဲ့သူရေ...
ပန်းပိတောက်ဝါတွေ ပန်းပိတောက်ဝါတွေ ရွှေရည်လူး ဖူးပွင့်ခဲ့ပြီလေ...
ချစ်ဦးမေရေ...ပန်းပွင့်ကို လှမ်းလင့်ကခြွေ ပေးချင်လှပေ ပေးချင်လှပေ🎵🎵🎵

သီချင်းသံမြိုင်မြိုင်သည် ခင်၏ ရင်တွင်းခံစားချက်ကို ပံ့ပိုးပေးသည့်အလား သင်္ကြန်မဏ္ဍပ်အတွင်း ငြိမ့်ညောင်းတေးဖွဲ့နေ၏ ။ အရည်ကြည်လေးများ ရစ်သီနေသော ခင်၏ မျက်ဝန်းတွေမှာ သီချင်းထဲကအတိုင်း များပြားလှသော လူအုပ်ကြီးကို ​ဖြန့်ကျက်ကြည့်ကာ အချစ်ဦးကို ရှာပုံတော်ခန်း ဖွင့်နေသည်မှာ ကြာလှချေပြီ ။ ခင်သည် ဒီနှစ်သင်္ကြန်ကို ရှာပုံတော်မင်းသမီး အလွမ်းသမလေးအဖြစ် ဖြတ်ကျော်ရမည်လား မသိပါလေ ။

"ခင်ရေ ဒီတစ်ပုဒ်ပြီးရင် တို့တွေ အလှည့်ပဲ့ကွယ် ၊ စင်နောက်မှာ အဆင်သင့် ပြင်ထားပေတော့”

"ဟုတ်ကဲ့အစ်မကြိုင် ၊ ခင်လာပါပြီ”

ကာလသမီးခေါင်းဆောင် အစ်မကြိုင်၏ အခေါ်ကြောင့် ခင့်မှာ အချစ်ဦးကို ရှာပုံတော်ခန်း တစ်ခန်းရပ်၍ မဏ္ဍပ်စင်နောက်သို့ ဦးလှည့်လိုက်ရသည် ။

ခင်တို့ မြို့လေးသည် ရေလုပ်ငန်း ၊ ပုလဲမွေးမြူရေးလုပ်ငန်း ၊ ဌက်သိုက်လုပ်ငန်း ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် အခြားလက်မှုလုပ်ငန်းများ အတော်အတန် ဖွံ့ဖြိုးသော တနင်္သာရီတိုင်းအတွင်းမှ နယ်မြို့ငယ်လေး တစ်မြို့ဖြစ်သည် ။ မြို့ငယ်လေးသော်ငြား နှစ်စဥ်နှစ်တိုင်း သင်္ကြန်ဆိုပါလျှင် မြို့ကြီးပြကြီးနှင့် မခြားစွာ အနုပညာရှင် နာမည်ကြီးအဆိုတော်များကို ဌာရမ်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပကြ၏ ။

မဏ္ဍပ်ဆိုသည်မှာလည်း သူ့ရပ်ကွက်နှင့်အလိုက် တစ်မြို့လုံးအနှံ့ ဆောက်လုပ်ပါ၏ ။ ယခု ခင်တို့ ရှိနေသည့် မဏ္ဍပ်မှာမူ မြို့၏ ဒုတိယအကြီးဆုံးမဏ္ဍပ်ဟု ဆိုနိုင်ပါသည် ။ ထိုကြောင့်လည်း ခင်တို့၏ မဏ္ဍပ်သို့ ရောက်လာကြသော ရေပက်ခံကား ၊ ဆိုင်ကယ်များမှာ အခြားမဏ္ဍပ်သို့ လျင်မြန်စွာ မထွက်ခွာနိုင်ဘဲ အနီးတစ်ဝိုက်၌ ရပ်နားစုပုံရစ်သီကာ စင်ရှေ့တွင်မက လမ်းမတစ်ခွင် လူအုပ်ကြီးအဖြစ် ပြည့်သိပ်နေတော့၏ ။ လုံခြုံရေးယူထားကြသူ ယာဥ်ထိန်းရဲများမှာ ယာဥ်များ လမ်းပိတ်နေမှုကြောင့် ဝီစီမှုတ် အချက်ပေး လမ်းရှင်းနေကြသည် ။

ပွဲကြိုက်ပျိုခင် ရေဗိမာန်သဘင် Kde žijí příběhy. Začni objevovat