မင်းလက်ကိုဆွဲထားရတာ မပင်ပန်းဘူးလို့ ပြောရင်လိမ်ရာကြမှာပေါ့။ ငါအရမ်းပင်ပန်းနေပြီ။ ဒါပေမဲ့လေ ငါမင်းလက်ကို လွှတ်ချလိုက်ရမှာက ငါ့ကိုသေစေနိုင်တယ်ဆိုတာ မင်းသိလား။
မင်းငါ့ကိုကြည့်ပြီးပြုံးရယ်ပြတဲ့မင်းအပြုံးလေးတွေက ငါ့နွမ်းနယ်မှုတွေကိုအဝေးလွှင့်ပစ်နိုင်တယ်လို့ပြောရင် မင်းရယ်နေမလား။ငါအဝေးကို ထွက်ပြေး ဖို့ ကြိုးစားတိုင်းမင်းရဲ့Hyungလို့ခေါ်လိုက်တဲ့အသံက ငါ့ရဲ့နားစည်မှာပဲ့တင်ထပ်နေခဲ့တယ်။
ငါမင်းကို ငါ့ရဲ့ဘဝငါရဲ့ မှတ်ဥာဏ်တွေထဲကပျောက်ကွယ်သွားရင် ကောင်းမှာပဲလို့ တွေးဖူးတယ်။ ငါသိပ်ကိုတစ်ကိုယ်ကောင်းဆန်တယ်မလား...?ငါက မင်းဘဝရဲ့အတားအဆီးဖြစ်နေတာကို မင်းက အကြောက်အကန်ချေပတယ်။ ငယ်ရွယ် ထက်မြတ်ပြီး ပြီးပြည့်စုံတဲ့ဥပဓိရုပ်နဲ့မင်းကို လူတိုင်းက မျက်စိကျတယ်။ ငါကတော့ချုံကြားနေရရင်တောင် မင်းကိုတော့ ဘုံဖျားထက်မှာထားပြီး ငါကခစားချင်တာ။ ဒါပေမဲ့လေမင်းတစ်နေ့ ငါ့ကိုထားသွားရင်မလိုအပ်တော့ရင်ဆိုပြီး တွေးမိတိုင်းငါ သိပ်ကြောက်မိတယ်။ သဘာဝကို ဆန့်ကျင်နေတဲ့ငါ့တို့ နှစ်ယောက်ရဲ့နှလုံးသားက လောကဒဏ်တခုဖြစ်တဲ့ပတ်ဝန်းကျင်ရဲ့ လှောင်ရယ်သံကို ငါတို့နှစ်ယောက်ဘယ်လောက်ထိခံနိုင်ရည်ရှိနိုင်မလဲ။
ငါကရောမင်းအတွက် မင်းကရောငါ့အတွက် ဘယ်လောက်ထိ ကာကွယ်ပေးထားနိုင်မလဲလို့လေ။ အဲ့လိုတွေးမိတိုင်းသွေးပျက်ခဲ့ရတဲ့ညတွေရယ် လက်ချိုးမရေနိုင်အောင်ပါပဲ။ ငါမင်းကို တခြားသူတွေနဲ့တွဲမြင်တိုင်း ငါ့ကိုယ်ငါမုန်းမိတယ်။ ဝန်တိုဒေါသဖြစ်မိတယ်။ သိမ်ငယ်မိတယ်။
ဒါပေမဲ့လေ ငါဘာတတ်နိုင်မလဲ!
ငါကငါ့ဘဝနဲ့ငါလေ။ အရင်ကတွေးမိတယ် ကြိုးစားရင်...ငါ ကြိုးစားရင်မင်းဘေးမှာ ငါရပ်တည် နိုင်မယ်လို့ ထင်ခဲ့မိတယ်။ ငါကြိုးစားလိုက်တိုင်းငါမင်းဆီကိုခြေတစ်လှမ်းလှမ်းလိုက်တိုင်း...မင်းကငါ့ရဲ့ အလှမ်းဝေးကြီးကို ရောက်သွားတာကို ငါမမြင်ခဲ့ဘူး။
ငါ့ သိမ်ငယ်စိတ်ကမင်းကို ငြင်းဆန်လာတယ်။ ငါ့နှလုံးသားကမင်းကို တောင့်တတယ်။ ငါ ဘာလုပ်သင့်လဲ...။