" တည်တံ့ , မြတ်နိုးက မင်းဖုန်းကို ဆက်နေတာ မရလို့ ငါ့ဖုန်းကို ဆက်လာတယ်။ ညနေကျရင် ငါးနာရီခွဲလောက် သူ့ကိုလာကြိုပေးပါတဲ့။ "
အခန်းထဲက စားပွဲပေါ်မှာ စာရွက်တွေ တင်ထားပြီး ဘေးမှာ ထိုင်ကာ အမှုအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်နေတဲ့ တည်တံ့နောင်ကို နှင်းဆီမောင်က လာပြောပေးသည်။ တည်တံ့နောင်က လည်ပြန်ကြည့်လိုက်ပြီးမှ အိပ်ယာပေါ်က ဖုန်းကို သွားယူလိုက်ကာ ကြည့်လိုက်သည်။စက်ပွင့်မလာတဲ့ ဖုန်းကြောင့်သာ အားမရှိတော့တာ သတိရတော့သည်။
" ငါ , မနေ့ညထဲက ဖုန်းအားသွင်းဖို့ မေ့နေတာ။ စက်ပိတ်သွားတယ်။ "
" အင်း ... အားသွင်းပြီးရင် သူ့ကို တစ်ခေါက်ပြန်ခေါ်ပြီး အကျိုးအကြောင်း ပြောလိုက်ဦး။ အလုပ်ရှုပ်ပြီး မေ့မနေနဲ့ဦး။ "
" အင်းပါ။ ငါသိပါတယ်။ "
နှင်းဆီမောင်က ခေါင်းငြိမ့်သည်။ ပြီးမှ တည်တံ့နောင်၏ အခန်းထဲက အဝတ်အပေတွေကို ရှာပြီး ခြင်းထဲ စုပြုံထည့်ကာ လျှော်ဖို့အတွက် ယူသွားသည်။ ဒီရက်ပိုင်း တည်တံ့နောင် အလုပ်ရှုပ်နေတာ သိသိသာသာမို့ အဝတ်ကို သူမကိုယ်တိုင်သာ လျှော်ပေးသည်။
ဖုန်းအားသွင်းကြိုး ချိတ်ပြီးသည်နှင့် တည်တံ့နောင်က ရေချိုးဖို့ ချက်ချင်းပြင်ရသည်။ နေ့လည် တစ်နာရီသာ ရှိသေးပေမယ့် ဒေါ်မြတ်ထားနဲ့ အလုပ်ကိစ္စ တွေ့ဖို့လည်း ချိန်းထားသေးတာမို့ အလျင်လိုနေသည်။
အဝတ်အစားလဲပြီး လိုအပ်သည်များ သိမ်းဆည်းရင်း အချိန်အနည်းငယ် ကုန်သွားသည်။ အမှုအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ဖုန်းနဲ့အတူ စုကိုင်လိုက်ပြီးမှ အောက်ထပ် ဆင်းလာလိုက်သည်။
" မြတ်နိုးဆီ ဖုန်းဆက်လိုက်ဦးနော်။ "
" အင်းပါ။ "
တည်တံ့နောင် ကားထဲရောက်ပြီးမှ ခြံထဲမှာ ပန်းခူးနေတဲ့ နှင်းဆီမောင်က လှမ်းသတိပေးနေလို့ ပြန်ဖြေနေရသေးသည်။ ကားကို ဒေါ်မြတ်ထားတို့ အိမ်ဆီပဲ ဦးတည်ကာ မောင်းလိုက်သည်။ ကားမောင်းနေရင်းမှ မြတ်နိုးပွင့်ဆီ ဖုန်းခေါ်ကာ အကျိုးအကြောင်းပြောရသည်။