'' မဲ့ "
" တစ် !! နေရာယူ "
" နှစ် !! ကျည်ဆန်ထည့် "
" သုံး !! မောင်းတင် "
" လေး !! အဆင်သင့် "
" ငါး !! ဝပ် "
" ခြောက် !! ပစ်နိုင်ပြီ !!! "
ဒိုင်း !! ဒိုင်း !! ဒိုင်း !! ဒက်ဒက်ဒက် !! ဒိုင်းညှောင့် !!
ပါးစပ်ကနေထွက်လာတဲ့သေနတ်ပစ်သံတွေဟာ ဝန်းကျင်တစ်ခွင်မှာဆူညံလာခဲ့တယ်။ သေနတ်ပစ်တမ်းကစားနေကြတဲ့ကလေးတစ်သိုက်မှာ သူကတော့အမြဲဗိုလ်လုပ်ခွင့်ရတယ်။ ဘာလို့လဲဆိုတော့ ဘုရားပွဲတုန်းကညစျေးတန်းမှာ အဖေကသူ့အတွက်ဦးဦးစစ်သားတွေကိုင်တဲ့တကယ့်သေနတ်နဲ့တူတဲ့ ကစားစရာသေနတ်တစ်လက်ဝယ်ပေးခဲ့တယ်။ တကယ့်သေနတ်နဲ့တူတဲ့ဟာကသူမှာပဲရှိတော့ တခြားသစ်သားနဲ့လုပ်ထားတဲ့သေနတ်တွေ ဝါးစိမ်းနဲ့လုပ်ထားတဲ့သေနတ်တွေ အုန်းလက်ရိုးနဲ့လုပ်ထားတဲ့သေနတ်တွေကိုင်ကြတဲ့သူငယ်ချင်းတွေကြား သူကပဲမျက်နှာပွင့်တော့တာပေါ့။
ကစားနေကြတဲ့သူတို့တစ်တွေကိုပဲခင်းထဲမှာရှိတဲ့အဖေနဲ့အမေက အလုပ်လုပ်ရင်းပြုံးကြည့်နေကျ။ ဒီလိုနဲ့ညနေစောင်းလာတော့ သူတို့မိသားစုနွားလှည်းနဲ့အိမ်ပြန်ကြတာပေါ့။ အဖေဝယ်ပေးတဲ့သေနတ်ကလေးကိုသဘောကျလွန်းလို့သူ့မှာလက်ကမချနိုင်ပဲ အိပ်ရင်တောင်အနားမှာထားအိပ်တဲ့အထိပါပဲ။ အခင်းကြီးအခင်းငယ်သွားရင်တောင် သွားနေတုန်းခဏပျောက်သွားမှာစိုးလို့ကိစ္စဝိစ္စကိုမြန်မြန်လက်စသတ်ခဲ့ရပေါင်းလည်းများခဲ့ပြီ။ သေနတ်ကလေးကိုအမြဲအရိပ်တကြည့်ကြည့်နဲ့ပြုံးနေတတ်တဲ့သူ့ကိုအဖေကမေးလာတယ်။
" အဲ့လောက်တောင်သဘောကျတာလား သားရ "
သဘောကျကြောင်းကိုသူကဒီလိုမျိုးအာပေါင်အာရင်းသန်သန်နဲ့ ဂုဏ်ယူဝံ့ကြွားစွာဖြေခဲ့တယ်။
" ကျတာပေါ့အဖေရ ! သားကကြီးလာရင်စစ်ဗိုလ်ကြီးလုပ်မှာဗျ ! "
အဲ့ဒီလိုဖြေတိုင်းအဖေနဲ့အမေကမျှော်လင့်ချက်ပြည့်နေတဲ့မျက်ဝန်းတွေနဲ့သဘောတကျပြုံးနေမြဲ။ အဖေနဲ့အမေရဲ့အပြုံးတွေတစ်ယောက်တည်းဟိုပစ်ဒီပစ်လုပ်နေတဲ့သူ့ပါးစပ်ကထွက်လာတဲ့သေနတ်ပစ်သံတွေ နွားတစ်ရှဥ်းဆီကထွက်လာတဲ့ခြူလုံးသံတွေနဲ့သူတို့ရဲ့အိမ်အပြန်ညနေခင်းဟာအမြဲသာယာအေးချမ်းစွာရှိနေခဲ့တာပေါ့။