Part~16

1.2K 63 2
                                    

                   ဒီလောကကြီးထဲတွင် အသက်ရှင်သန်နေသရွေ့ ဒုက္ခများနှင့်အတူ သုခများပါခံစားကြရဦးမည်။မျှတခြင်းအလျဉ်းမရှိလေသော ဤလောကကြီးသည်အလွန်တရာမှစိတ်ပျက်ဖွယ်ကောင်းပါ၏။လိုအပ်သောနွေးထွေးမှုများကို လိုအပ်သည့်အချိန်ပေးမလာခဲ့ပါမူ ထိုနွေးထွေးမှုတို့သည် အဘယ်မျှတန်ဖိုးရှိပါမည်နည်း။

****

                     လှည်းလမ်းလေးအတိုင်းပြေးလာသော ကောင်လေးသည် အပူအပင်ကင်းမဲ့နေဟန်ရှိသည်။မျက်နှာလေးသည် နေရောင်ကြောင့်လား ရှက်၍လားမသိ နီရဲ၍နေသည်။ထပ်ကြပ်မကွာပြေး၍ လိုက်လာသော လူငယ်လေးသည် သက်ဆိုင်သူအားလိုက်လံချော့မော့နေပုံရသည်။ထိုမြင်ကွင်းနှင့်မအပ်စပ်စွာ ရပ်ကြည့်နေပါသော မိန်းမကြီးတစ်ယောက်လည်းရှိနေသည်။

"လွန်းငယ်လေး.....မပြေးနဲ့တော့။ချော်လဲနေမယ်လေ ကလေးငယ်လေးရဲ့"

              အဂ္ဂ၏အော်သံကြောင့် အမောင် ပြေးနေရာမှ အရှိန်လျှော့လိုက်သည်။ထို့နောက် ရောင်းသူ၀ယ်သူ အသံတူစွာ ပြန်အော်လိုက်သည်။

"မပြေးစေချင်ရင် မလိုက်နဲ့တော့လေ ခင်ဗျားရဲ့။ ကျွန်တော်လဲမပြေးနိုင်တော့ဘူးလို့"

             ဆက်၍ပြေးလာပြီး မန်ကျည်းပင်ကြီးအောက်သို့ရောက်သောအခါ ၀တ်ကောင်းစားလှများ၀တ်ဆင်ထားပြီး မျက်နှာထားတင်းတင်းနှင့်ရပ်ကြည့်နေသော မိန်းမကြီးတစ်ယောက်ကိုတွေ့ရ၏။ပြေးနေရာမှအရှိန်လျှော့ကာ ထိုမိန်းမကြီး၏ဘေးမှ ခပ်မြန်မြန်ဖြတ်သွားလိုက်သည်။ထိုအချိန်တွင် ဖမ်းဆွဲလာသောလက်တစ်စုံကြောင့် ကြောင်အသွားရသည်။

            အမောင် သူ့လက်ကိုဖမ်းဆွဲထားသောလက်ကိုကြည့်လိုက်သောအခါ ငွေရောင် ဟန်းချိန်းတစ်ခုကိုတွေ့ရသည်။ထိုမှတဆင့် မာန်မာနအရောင်များဖုံးလွှမ်းနေသော မျက်လုံးများ၊ ထို့နောက် အံကြိတ်ထားပုံရသည့် ဆေးဆိုးထားသည့် နှုတ်ခမ်းတစ်စုံကိုတွေ့ရသည်။

"မင်းက ခန့်ညားလွန်းမောင်ဆိုတဲ့သူလား"

           သူ့အား မီးတောက်နေသောမျက်လုံးများဖြင့် စိုက်ကြည့်နေသော ထိုမိန်းမကြီးသည် သူ့အားသိနေပုံပင်။အသံကလည်းမာသည်ဆိုသည်ထက် ခက်ထန်ပြီး အထက်ဆီးဆန်နေသည်။ထိုမိန်းမကြီးဘက်သို့ အမောင်လှည့်လာလိုက်သည်။

ချစ်ခြင်းတည်စေWhere stories live. Discover now