ဝမ်ရိပေါ်ဟာ သူ့ရဲ့ရင်ခွင်ထဲမှာရှိနေတဲ့လူကို တစ်ချက်ငုံ့ကြည့်ပြီး ခေါင်းကိုဖိနမ်းလိုက်တယ်။ အဲ့ဒီ့အခါ ရှောင်းကျန့်ဟာ မှောင်မည်းနေတဲ့ကောင်းကင်ကြီးကို ကြည့်နေရာမှပြန်လှည့်လာတယ်။ပြီးတော့ ခန္ဓာကိုယ်ကို တစ်စောင်းလှည့်လို့ ဝမ်ရိပေါ်ရဲ့ခါးကို လက်နဲ့လျှိုဖက်တယ်။ ရင်ခွင်ထဲမှာ ခဏငြိမ်ရင်း သက်ပြင်းမောတွေကိုလည်း မသိမသာချနေသေးတယ်။
အချိန်တစ်ခုလောက်အကြာမှာ ကောင်းကင်ကိုပြန်မော့ကြည့်ပြန်တယ်။ နောက်တော့ စိတ်အလိုမကျသလိုနဲ့ လူဆိုးလေးတစ်ယောက်လို အသံမျိုးထွက်လာတယ်။
" ကြယ်လည်း တစ်လုံးမှမတွေ့ဘူးကွာ။ စိတ်ပျက်လိုက်တာ "
ပြောပြီး သက်ပြင်းထက်ချပြန်တယ်။ ဝမ်ရိပေါ်ဟာ ဘာမှမပြောဘဲ ရှောင်းကျန့်ရဲ့ကျောကိုသာ လက်နဲ့ပွတ်သတ်ပေးနေတဲ့အခါ ရှောင်းကျန့်ဟာ အသံထွက်လာပြန်တယ်။
" ရှောင်ဝမ် "
ခေါင်းကိုမော့မလာဘဲ အဝေးတစ်နေရာကိုကြည့်လို့ ခပ်တိုးတိုးခေါ်လာတယ်။
" အင်း "
ဝမ်ရိပေါ်ဟာ ခပ်လေးလေးပြန်ထူးတယ်။ ရှောင်းကျန့်ဟာ ခဏတိတ်သွားပြန်တယ်။
" ရှောင်ဝမ် "
ပြီးတော့ နောက်တစ်ခေါက်ထပ်ခေါ်ပြန်တယ်။ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို ငုံ့ကြည့်ပြီး ပြုံးလိုက်တယ်။ ကျေနပ်နေတဲ့အပြုံးမျိုး။
" အင်း "
အဲ့ဒီ့နောက် ပြောပါဆိုတဲ့သဘောနဲ့ စကားထောက်ပေးတယ်။ ရှောင်းကျန့်ဟာ သက်ပြင်းမောတစ်ခုကိုထပ်ချပြန်တယ်။
" ရှောင်ဝမ် ၊ဝမ်ရိပေါ် "
ဒီတစ်ခါကျတော့ ဝမ်ရိပေါ်ဟာ သူ့လူကိုလက်မောင်းရင်းက ဆွဲမပြီးမျက်နှာချင်းဆိုင်ထိုင်စေတယ်။ နှစ်ယောက်လုံးဟာ လေသာဆောင်မှာထိုင်နေတာမို့ ရှောင်းကျန့်ရဲ့ဆံပင်ဟာတစ်လွင့်လွင့်နဲ့။
" ကျန့်ကျန့် စိတ်ထဲမှာရှိတာ ပြောလို့ရတယ်။ ဘာကိုမှ တွေးပူမနေနဲ့ "
ဝမ်ရိပေါ်ရဲ့ စကားကိုကြားတဲ့အခါ ရှောင်းကျန့်ဟာ သက်ပြင်းမောထပ်ချပြန်တယ်။ သူ့ခေါင်းထဲရှိနေတဲ့အကြောင်းအရာက လေးလံလွန်းတယ်။