နေကျဲကျဲတောက်ပူသောမတ်လ၏ ပူပြင်းသောတနင်္ဂနွေနေ့လည်ခင်းဖြစ်ပါသည်။
ဟယ်ချန်းတစ်ယောက်
ခြံထဲကသစ်ပင်အောက်မှာဖျာခင်းပြီးအနားယူနေတာဖြစ်သည်။" ဟယ်ချန်းနီဟျောင်း "
ဘဲလ်မတီးဘဲလှမ်းအော်တဲ့
ခြံဝကအသံကြောင့် ပတ်ခ်ဂျီဆောင်းရောက်လာတယ်ဆိုတာ ဟယ်ချန်းအလိုလိုသိလိုက်သည်။ဂျီဆောင်းက ဟယ်ချန်းတို့ခေါင်းရင်းခြံမှာနေထိုင်သူဖြစ်ကာ
ဟယ်ချန်းနဲ့ညီအစ်ကိုအရင်းတမျှရင်းနှီးသူဖြစ်သည်။
အိမ်လာရင်ဘဲလ်မတီးဘဲ အသံပြဲကြီးနဲ့အော်ခေါ်တတ်သည်မှာ ဂျီဆောင်း၏ပြင်မရသောအကျင့်တစ်ခုပင်။" လာပြီ လာပြီ "
ခြံတံခါးသွားဖွင့်ပေးလိုက်တော့ ခြံထဲဝင်လာတဲ့သကောင့်သားကစပ်ဖြဲဖြဲ။
" ဘာကိစ္စရှိလို့လဲ "
" ကျွန်တော်မလာရင် ဟျောင်းအထီးကျန်နေမှာစိုးလို့ "
" ခွေးစကားတွေပြောပြန်ပြီ။ ပြော ဘာလို့လာတာလဲလို့ "
စိတ်မရှည်တော့သလို လေသံမာလာတဲ့ ဟယ်ချန်းအသံကြောင့်
ဂျီဆောင်းစပ်ဖြဲဖြဲလုပ်နေရာကနေ အနည်းငယ်မျက်နှာတည်သွားတော့သည်။" အိမ်မှာဧည့်သည်တွေရောက်နေလို့ "
ပြောပြောဆိုဆိုနဲ့ ဟယ်ချန်းအိပ်မလို့ခင်းထားတဲ့ဖျာပေါ်တတ်ထိုင်တဲ့ ဂျီဆောင်းကိုကြည့်ပြီးဟယ်ချန်းစိတ်ထဲ "ငါ့အဖိုးတန်အိပ်ချိန်လေးတွေတော့ သွားပါပြီ " ဟုတွေးမိလိုက်သည်။ ငနဲသားလေးက ဟယ်ချန်းဆီမှာတနေကုန်သောင်တင်နေတော့မှာသိနေသည်မို့။
" မင်းတို့အိမ်က အမြဲဧည့်သည်ရှိနေတာပဲဟာကို "
" မတူဘူး ဒီတစ်ယောက်ကရက်ရှည်နေမှာတဲ့ ပြီးတော့ ဟျောင်းပဲစဥ်းစားကြည့် အိမ်မှာမမလည်းရှိတာကို "
ဆူပုပ်ပုပ်လေးပြောနေတဲ့ ဂျီဆောင်းပုံစံက အမှန်တကယ်စိတ်ရှုပ်နေဟန်။
ဟုတ်တော့လည်းဟုတ်သည်။သမီးမိန်းကလေးရှိတဲ့အိမ်မှာ ယောက်ျားလေးဧည့်သည်ကို ရက်ရှည်လက်မခံသင့်ဟုဟယ်ချန်းလည်းထင်သည်။
လူ့စိတ်ဆိုတာ ပြောရခက်သည်မဟုတ်ပါလား။
ဂျီဆောင်းအစ်မ ဂျီနူးလ်ဆိုတာက ဟယ်ချန်းအတွက်ညီမလို သူငယ်ချင်းလိုခင်ရသူမို့ ဟယ်ချန်းလည်းစိတ်ပူလာရသည်။
တစ်ဖက်ကတွေးကြည့်ရင်လည်း အဒေါ်ကြီးကအမေပေးမို့ ဟယ်ချန်းတို့ထက်ပိုစိတ်ပူပါလိမ့်မည်။
ယုံကြည်ရလောက်တဲ့သူမို့လို့သာ လက်ခံတာဖြစ်ပါလိမ့်မည်။