Strange Addiction

132 10 4
                                    

သူ့အနားတဖြည်းဖြည်း နီးကပ်လာတဲ့ ခြေသံတရှပ်ရှပ်ဟာ ဘယ်သူ့ခြေသံမှန်းတန်းသိလောက်အောင်ကို သူဟာအဲ့လူနဲ့ပတ်သက်ပြီး သိပ်ကိုစွဲလမ်းတယ်။

"ယောန်"

တိတ်ဆိတ်နေသည့် ရပ်ဝန်း၌ သူ့အသံဟာ ခပ်ထင်းထင်းရယ်။ သူနှင့်ခပ်လှမ်းလှမ်းမှာ မှီတွဲရပ်နေသည့် မီးစွဲနေတဲ့စီးကရက်နှင့် အမျိုးသားသည် ‌သူရှိရာဘက်အခြမ်းသို့ မျက်နှာမူလိုက်ပြီး ခပ်လေးလေးပြန်ထူးတယ်။

"ပြော ဒါလင်"

နားစည်ကိုလာရိုက်ခတ်တဲ့ "ဒါလင်"ဆိုတဲ့ ခပ်လေးလေးအသံဟာ စွဲလမ်းချင်စရာအတိ။ စွဲလမ်းမှုတွေအကြောင်းပြောတဲ့အခါ အဲ့ဒီအမျိုးသားဟာ ရယ်သွမ်းသွေးတတ်တယ်။ တစ်ဝက်စည်းတင်ထားတဲ့ ပြာရင့်ရင့်ဆံပင်တွေဟာ အဲ့ဒီအမျိုးသားရဲ့ ကိုယ်စားပြုဖြစ်ပုံပါပဲ။ စိတ်ဝင်စားယောင်ရှိတဲ့ မှိုင်းသွေ့သွေ့မျက်ဝန်းဟာ သူ့ဆီဝေ့ဝဲတဲ့အခါ ပြောမဲ့စကားတောင် ပျောက်ရှရှ။ အဲ့အမျိုးသားရဲ့ မျက်ခုံးက သွေးစအချို့ကိုတွေ့တဲ့အခါ မထူးဆန်းသော်ငြား စိတ်ရှုပ်မြဲစိတ်ရှုပ်ဆဲ။

"ကျစ် ခင်ဗျားကတော့"

ချွဲယောန်ဂျွန်ဆိုတဲ့ ဖြစ်တည်မှုဟာ အရာအားလုံးကိုပေါ့ဆဆနဲ့။ အဲ့ဒီအမျိုးသား၏ မျက်ခုံးမှဒဏ်ရာကို သူထိတွေ့လိုက်တယ်။

"ဒါဘယ်လိုဖြစ်ရတာလဲ။"

"သိပြီးတော့ရော အဲ့ဒဏ်ရာကပျောက်သွားမှာလား။"

အဲ့လူရဲ့လက်ထဲက တစ်ဖွာနှစ်ဖွာပဲဖွာရသေးတဲ့ စီးကရက်ဟာ အမဲရောင် boots တွေရဲ့ ဖိချေခြင်းကိုခံလိုက်ရတယ်။ ဂျစ်ကန်ကန်ဉာဉ်ဆိုးနဲ့ အဲ့လူဟာ မျက်နှာကိုတစ်ဖက်လှည့်သွားတယ်။ ပြာရင့်ရင့်တွေက စိတ်ရှုပ်စရာ‌ကောင်းလိုက်တာ။ ဘောင်းဘီအိတ်ကပ်ထဲက အနာကပ်ပလာစတာကို ဆွဲထုတ်ရင်း သူ့မှာအဲ့လူကို ဘယ်လိုဖြောင်းဖျရမလဲဆိုတာကို အလျင်အမြန်တွေးတောနေရတယ်။ ချွဲယောန်ဂျွန်နဲ့တွေ့ပြီးတည်းက သူနဲ့အမြဲရှိနေတာ အနာကပ်ပလာစတာတွေပါပဲ။

"ဒီဘက်လှည့်။"

သူ့အသံဟာ စိတ်မရှည်ဟန်စွက်နေတယ်။ ပြောရင်းနဲ့အဲ့ဒီလူရဲ့ ပခုံးကနေဆွဲလှည့်မလို့ ဟန်ပြင်နေတုန်း ရုတ်တရပ် အဲ့လူကသူ့ခါးကိုလှမ်းဆွဲလိုက်တယ်။ သူမထင်ထားတဲ့အရာမို့လို့ သတိလက်လွတ်ဖြစ်သွားလိုက်မိပုံများ အဲ့လူမျက်နှာက အနိုင်ရသူပုံစံပြောင်းသွားတာ သက်သေ။ ကိုယ်ငွေ့ခပ်နွေးနွေးတွေဟာ ရောယှက်နေတယ်။ နှာထိပ်ဖျားမှာ ပြာရင့်ရင့်တွေရဲ့ စီးကရက်အနံ့စွက်တဲ့ ရှတတကိုယ်သင်းနံ့ဟာ ရစ်သီသီ။ လေဝင်လေထွက်အချို့ဟာ သူ့မျက်နှာရှေ့မှာ ဝဲခတယ်။ မှိုင်းသွေ့သွေ့ အညို‌ရောင်မျက်ဝန်း‌တွေဟာ သူ့အရှေ့တည့်တည့်မှာဖြစ်တယ်။ အဲ့လူနဲ့ပတ်သက်သမျှဟာ စွဲလမ်းချင်စရာတွေချည်းပါပဲ။

| Strange Addiction | Where stories live. Discover now