{Unicode}
အပိုင်း - ၂
ဆောနူတစ်ယောက်တည်း သွားရဖို့ အမိန့်ရလာတာမို့ ဆောနူရဲ့ သစ္စာရှိအစေခံဖြစ်သူ ဂင်ဘို့ကိုတောင် ခေါ်ခွင့်မရှိ။ သွားမည့်နေ့မှာ သူက သခင်လေးချင်း ထပ်နေအောင်ခေါ်ပြီး မှာစရာရှိတာတွေ တန်းစီမှာနေသေးသည်။
မသွားချင်ပေမယ့်လည်း သွားရပါတော့မည်။ ဆောနူအိမ်သားတွေကို သေချာနှုတ်ဆက်ရသည်။ အဖေကတော့ မိုးလင်းတည်းက သူ့အခန်းထဲကကို ထွက်မလာ။ နှုတ်ဆက်ဖို့ အားမရှိဘူးထင်ပါတယ်။ အမေမရှိတော့တည်းက အဖေတစ်ခု၊ သားတစ်ခုမို့ အဖေကတော့ အထီးကျန်ရှာမှာပဲ။ ဒါပေမယ့် အဖေ့ကို နန်းတော်ထဲမှာတွေ့နိုင်တာပဲလေ။ ဒီလိုနဲ့ စိတ်ကိုတင်းရတာပါပဲ။
ဆောနူကို ခေါ်ဖို့အတွက် နန်းတော်ကနေ စစ်သည်အပြည့်အစုံနဲ့ မြင်းတစ်ကောင် လွှတ်ပေးလိုက်သည်။ လိုလည်းမလိုဘဲနဲ့ ဟိုအိမ်ရှေ့စံ ဘာတွေကြောင်နေတယ်မသိ။ ဘာပဲဖြစ်ဖြစ် အထွန့်တက်ခွင့်လည်းမရှိတာမို့ အဲ့မြင်းညိုကြီးပေါ်ကိုသာ တက်စီးပြီးလိုက်ပါသွားတော့သည်။
နန်းတော်ကိုရောက်တော့ ဆောနူကို နွေးနွေးထွေးထွေး ကြိုဆိုမည့်သူ တစ်ယောက်မှမရှိ။ မြင်းပေါ်က ဆင်းလာပြီးတာနဲ့ မျက်နှာထားတည်တည်နဲ့ စစ်သည်တွေခေါ်ရာနောက်ကို လိုက်သွားရသည်။ ဂင်ဘို့သာပါလာရင် ကောင်းမှာပဲ။
ထိုစစ်သည်တွေက ဆောနူနေရမည့် အဆောင်ကို ခေါ်လာသည်။ အဆောင်ဆိုတာထက် နန်းတော်အဆောက်အဦးကြီးထဲက အိပ်ခန်းကျယ်တစ်ခန်းဖြစ်သည်။ ရွှေငွေကနုတ်တွေနဲ့ အလှဆင်ထားတဲ့ ကျောက်နံရံတွေ၊ တန်ဖိုးကြီး ရွှေထည်ငွေထည်တွေနဲ့ မွမ်းမံပြင်ဆင်ထားတဲ့ လျှောက်လမ်းကစလို့ အရာရာဟာ အေးစက်စက်ပင်။ တိတ်ဆိတ်လွန်းတာကြောင့် နန်းတော်တစ်ခုလုံး အပ်ကျသံတောင် ကြားရနိုင်သည်။
ဆောနူကိုထားခဲ့ပြီးတာနဲ့ အားလုံးပြန်ထွက်သွားကြ၏။ ခေါ်တော်ဆင့်လိုက်တယ်ဆိုတဲ့ အရှင်အိမ်ရှေ့စံကိုလည်း ရောက်တည်းက အရိပ်အယောင်တောင် မတွေ့ရသေး။ စိတ်ညစ်စရာပဲ။ အိမ်ပဲပြန်ချင်သည်။