Part-22

1.2K 53 4
                                    

                  "Behind all love is the impulse for possession (ချစ်ခြင်းအားလုံးရဲ့နောက်မှာ အရူးအမူးပိုင်ဆိုင်ချင်တယ်ဆိုတဲ့စိတ်ရှိနေတယ်)"တဲ့။ချစ်ပြီးမှတော့ ပိုင်ဆိုင်ချင်ကြတဲ့သူတွေချည်းပါပဲလေ။"မပိုင်ဆိုင်ချင်ပါဘူး သူ့အပြုံးနုနုလေးမြင်ရရင်ရပြီ" ဆိုတဲ့သူတွေကရော မပိုင်ရရင်တောင် ဆိုင်ချင်ကြရဲ့မဟုတ်ပါလား။

                   အဂ္ဂ၏အတွေးကတော့ရိုးရှင်းပါသည်။ထိုလူသားလေးအား ပိုင်လည်းပိုင်ချင်သလိုဆိုင်လည်းဆိုင်ချင်ပါ၏။နာကျင်စရာသည် သူနှင့်သာသက်ဆိုင်ပြီး ပျော်ရွှင်စရာသည် ထိုလူသားနှင့်သာသက်ဆိုင်ရမည်။ဤကမ္ဘာပေါ်၌ရှိရှိသမျှ အ‌ဝါရောင်တို့သည် လွန်းအပိုင်သာဖြစ်ရမည်။အတ္တကြီးသည်ဟုဆိုလျှင်လည်း အဖြူစင်ဆုံးအတ္တသာဖြစ်ချေသည်။

                 အထီးကျန်ဆန်သော သူ့ကမ္ဘာတွင်ပျော်စရာရှားသည်။နေရောင်ခြည်ဖြာကျသောနေ့သည် လွန်းအပြုံးအားပထမဆုံးမြင်ခွင့်ရသောနေ့ဖြစ်သည်။သူ့ကမ္ဘာ၏ပထမဆုံးသော အညိုရောင်လေးဖြစ်သည်။ရှင်သန်နေသရွေ့ ဒီလူသားလက်သာတွဲသွားမည်။

              မကုန်မခမ်းနိုင်သောအမှတ်တရများ ဖန်တီးမည်။ရွှေရတု ငွေရတု ရတုအဆက်ဆက် ဤလူသားငယ်နှင့်သာဖြတ်သန်းလိုသည်။နေ၀င်ချိန်အတူကြည့်မည်။စာအုပ်တွေအကြောင်းဆွေးနွေးရင်း အိပ်ယာ၀င်မည်။မအိပ်ခင် လွန်းနဖူးအား ခပ်ဖွဖွလေး သုံးကြိမ်မျှသာနမ်းမည်။ပထမတစ်ကြိမ်သည် လွန်းနဲ့မတွေ့ခင် အတိတ်အတွက်၊ဒုတိယတစ်ကြိမ်သည် ယခုလက်ရှိပစ္စုပ္ပာန်အတွက်၊နောက်ဆုံးတစ်ကြိမ်သည်ကား သံသရာအဆက်ဆက်အတွက်...။ရတုအဆက်ဆက် သံသရာအဆက်ဆက် နိဗ္ဗာန်အထိတိုင် ထိုလူသားငယ်၏ လက်မှလွဲ၍မည်သူ့လက်မှမတွဲလိုတော့။

           "ရတုအဆက်ဆက်" ထိုသို့တွေးမိပြန်တော့ ကုတင်ပေါ်က သတိလစ်ဆဲကောင်လေးအားကြည့်မိပြန်သည်။မျက်တောင်တို့မှာ လှုပ်လီလှုပ်လဲ့။ပါးဖောင်းဖောင်းအိအိလေးမှာ သွေးကြောများယှက်ဖြာလျက် မထိရက်မကိုင်ရက်နိုင်အောင်ပင်လှရက်လွန်းလှပါသည်။သူ့အထင်မမှားလျှင်  ထိုကောင်လေးပြုံးနေသည်။ဖြူလျော်နေသောနှုတ်ခမ်းအစုံတို့သည် ပြုံးယောင်သမ်းနေသည်။

ချစ်ခြင်းတည်စေWhere stories live. Discover now