(11)

96 20 2
                                    

(11)
ဂျက်စတင် သိထားသင့်သည့် ဂျောင်ဝူ့အကြောင်း

ဂျက်စတင်နဲ့ အတူ စားခဲ့သည့် မနက်စာပေါင်းများစွာက မရေတွက်နိုင်အောက် များပြားလာပြီ။ သူနဲ့အတူ ရှိနေတာကို အနေမခက်တာမျိုး မဖြစ်တော့သည့်အပြင် နေသားပါကျလာသည့် ဒီခံစားချက်ကြီးကို မုန်းနေသည်ဟု ထင်မှတ်ထားပေမည့်လည်း အမှန်တကယ်မှာတော့ သဘောကျနေသည်ကို ကျွန်တော် ဝန်မခံချင်ပါ။

ဒီနေ့မနက် ဂျက်စတင် ဆိုင်ကို ထွက်သွားပြီးနောက် ကျွန်တော်​လည်း စားလက်စကို လက်စသတ်ပြီးတော့ ပန်းကန်တွေ သိမ်းလိုက်သည်။ မီးဖိုချောင်ထဲကို ရောက်လက်စ ဖြစ်နေသောကြောင့် မျက်လုံးတွေက ကော်ဖီမှုန့်တွေ ထည့်ထားသည့် ဖန်ပုလင်းဆီကို အလိုလို အကြည့်ရောက်သွားသည်။ ကျွန်တော် ဒီနေ့ တစ်မနက်လုံး ကော်ဖီ တစ်ငုံမျှပင် မသောက်ရသေးပေ။

ပန်းကန်စင်ပေါ်က ကြွေခွက်တစ်လုံးကို လှမ်းယူလိုက်ပြီးတော့ ကော်ဖီမှုန့်တွေကို လိုသလောက်ထည့်လိုက်သည်။ ကျွန်တော်က အရင်တုန်းက ဒီလိုဘလက်ကော်ဖီခါးခါးကို သောက်လေ့မရှိ။ ဒါပေမဲ့ ဘလက်ကော်ဖီကြိုက်သော ဂျောင်ဝူ့ကို စနောက်ချင်တာနဲ့ သူ့ရဲ့ ကော်ဖီကို လုသောက်ရင်းနဲ့ပဲ ဒီကော်ဖီကို သဘောကျမိသွားခြင်းဖြစ်သည်။ ဘယ်လောက်ထိ ကော်ဖီစွဲသွားသလဲဆိုရင် ဂျောင်ဝူကပင် ကျွန်တော့်ကို ဒီဘလက်ကော်ဖီကို အများကြီး မသောက်ဖို့ တားယူရသည်အထိ။ အခုတော့ ကျွန်တော် ရေအစား ကော်ဖီတွေပဲ သောက်နေရင်တောင်မှ တားဆီးပေးမဲ့သူ မရှိတော့ပေ။

ကော်ဖီတစ်ခွက်ဖျော်ပြီးတော့ မီးဖိုချောင်ထဲက ပြန်ထွက်လာလိုက်သည်။ ကော်ဖီရနံ့မွှေးမွှေးက တစ်အိမ်လုံးအနှံ့ သင်းပျံ့နေသည်။ မနက်ခုနစ်နာရီထိုးသောအခါ သတင်းစာပို့သမားက သတင်းစာလာပို့သွားသည်။ ကော်ဖီတစ်ငုံသောက်လိုက်၊ သတင်းစာတစ်ရွက် လှန်လိုက်လုပ်နေပေမဲ့ သတင်းတွေက စိတ်ဝင်စားစရာ မရှိပေ။ ဒီအတိုင်း သာမန် မုန်တိုင်းသတင်းရယ်၊ ကမ္ဘာ့အရေး၊ ပြင်သစ်အရေး၊
ဒီလောက်ပါပဲ။

တစ်မနက်လုံးတော့ အဆောက်အဦ ပုံကြမ်းတွေပဲ ဆွဲနေလိုက်သည်။ နေ့လယ်စာကိုတော့ အီတာလျံဆိုင်သွားစားရင် ကောင်းမလား တွေးမိပေမဲ့ အပြင်ထွက်ဖို့ ပျင်းရိနေသောကြောင့် မထွက်စားမိ။ နောက်ထပ် ကော်ဖီတစ်ခွက်ပဲ ထပ်ပြီးတော့ ဖျော်ထားလိုက်သည်။ အိမ်ရှေ့က မဒမ် ရောဘတ် လာပို့ပေးထားသည့် ချောကလက်ကွတ်ကီးတွေနှင့် ဘလက်ကော်ဖီပူပူ တစ်ခွက်က ဒီလို မိုးအုံ့နေသည့် ခပ်အေးအေး ရာသီဥတုနဲ့ လိုက်ဖက်လွန်းလှသည်။

Love Again In ParisWhere stories live. Discover now