Unicode
အောက်တိုဘာလ ၂ရက်နေ့ မနက်ခင်းမှာ ဥက္ကာ သူ့အဖေနဲ့အမေရှိတဲ့ နယ်မြို့လေးကို ပြန်လာခဲ့တယ် ။ နယ်မြို့ဆိုတာထက် နယ်မကျ မြို့မကျ နေရာလေးပေါ့... မကွေးမှာ အဘွားနဲ့အတူနေလာခဲ့တာ အတော်ကြာပြီမို့ အိမ်ကအဖေနဲ့အမေ့ကိုလည်း လွမ်းသလို ငါးအိမ်ကျော်က သူငယ်ချင်းမတို့ မိသားစုကိုလည်း လွမ်းလှသည်...
" ရောက်ပြီလား "
အိမ်ပြန်ရောက်တော့ ဆိုင်ကယ်သံကြားလို့ ထင်ပါတယ် အိမ်ထဲက ထွက်လာတဲ့အမေက ဥက္ကာကိုတွေ့တော့ ခပ်သုတ်သုတ် လျှောက်လာတယ် ။ ဥက္ကာလည်း ဆိုင်ကယ်ပေါ်က ဆင်းပြီး အမေ့ဆီ လျှောက်သွားကာ ခပ်တင်းတင်းလေး ဖက်ထားမိတယ် ။ နောက် အဖေကလည်း အိမ်ထဲက ထွက်လာတယ် ။ အမေကတော့ မျက်ရည်စတွေဝဲလို့ရယ်ပေါ့...
" သား အဖေတို့ကို လွမ်းနေတာ "
" တူတူပါပဲကွယ် ခရီးပန်းလာရောပေါ့ မေမေ သားအခန်းကို ရှင်းပေးထားတယ် သွားဝင်နားတော့လေ "
" နေအုန်း အမေ သား အန်တီချစ်ပိုတို့အိမ် သွားအုန်းမယ် "
" ခုမှ ရောက်တာ ခဏနားပါအုန်းလား မနက်မှ သွားလည်းရတာပဲကို "
" ဟုတ်ပါ ဒါဆိုလည်း သားနားတော့မယ် "
အပေါ်ထပ်က အခန်းထဲ ဝင်လာပြီး အိပ်ယာပေါ် လှဲလိုက်တာ ခရီးပန်းလာတာနဲ့မို့ ဥက္ကာ မှေးခနဲ အိပ်ပျော်သွားသည် ။ အိပ်ယာကနိုးတော့ မှောင်ရီပျိုးစ ပြုနေပြီ ။ ရေထချိုးပြီး အောက်ထပ်မှာ မေမေတို့နဲ့အတူ ထမင်းစားတယ် ။ နောက် အပေါ်ထပ်အခန်းဆီ ပြန်လာပြီး အဘွားဆီဖုန်းဆက်ရသေးသည် ။ အဘွားက သူ့မြေးကလေး ဘေးကင်းကင်းနဲ့မှ ပြန်ရောက်ရဲ့လား စိတ်ပူနေလေရဲ့ ။
ငါးအိမ်ကျော်က သူငယ်ချင်းမတို့အိမ်ကို သွားချင်ပါသော်လည်း သူများ အိမ်ကို ညဘက်ကြီး သွားလို့ ကောင်းပါ့မလား တွေးရသေးသည် ။ သွားလိုက်လည်းရပေမယ့် အချိန်ကလည်း ၉နာရီထိုးတော့မယ် ဒီအချိန်ဆို သူငယ်ချင်းမတို့ အိမ်က လူတချို့ အိပ်နေလောက်ပြီ ။ နောက် ဥက္ကာလည်း သွားချင်ဇောနဲ့ ကောက်ခါငင်ခါပဲ အိပ်ယာပေါ်က ထကာ လက်ရှည်ကောက်ယူပြီး အခန်းထဲက ထွက်လာခဲ့လိုက်တယ် ။ ဆောင်းဝင်စဖြစ်ပြီး မိုးရွာထားတာနဲ့မို့ ညခင်းပိုင်းက ခပ်စိမ့်စိမ့်လေး အေးနေသည် ။