ဆူးခက်ဖြူဆိုသည့်အမျိုးသမီးလေးက မောင့်ရင်ထဲမှာနစ်ဝင်နေတဲ့ဆူးတစ်ခုအဖြစ်ရှိလာတာ(၁၅)နှစ်တောင်ရှိနေပြီ။ မောင်ကအဘက်ဘက်မှာပြည့်စုံတယ်လို့ လူတွေကထင်ကြတယ်။ မောင်ဟာအမှားမရှိဘဲဖြောင့်မတ်တယ်လို့ ပြောကြတယ်။ တကယ်တော့ မောင်ဟာဆူးခက်ဖြူဆိုတဲ့ကလေးငယ်အပေါ်အရက်စက်ဆုံးလူသားဖြစ်နေတာကို လူတွေမသိကြဘူး။
လွန်ခဲ့သော၁၅နှစ်ခန့်
________________ဆူးခက်ကကျုပ်ကိုသဘောကျသည်တဲ့။ဆူးခက်ဟာ ကလေးငယ်တစ်ယောက်၊ခဏတာဖစ်ပေါ်လာတဲ့ခံစားချက်ကိုပြောတယ်လို့ပဲ ကျုပ်ယူဆခဲ့သည်။ ကျုပ်အသက်အရွယ်၊ကျုပ်အဆင့်အတန်းနဲ့ဒီလိုကလေးငယ်တစ်ယောက်ကိုပက်သတ်ရန်မသင့်တော်ဘူးလို့တွေးရင်း ဆူးခက်ရဲ့ဝန်ခံချက်ကိုလျစ်လျူရှုခဲ့သည်။ နုနုငယ်ငယ်၊ရည်မှန်းချက်အပြည့်နဲ့ချစ်စရာကောင်းသောကလေးငယ်ကို ကျုပ်လည်းသဘောကျပါသည်။ပိုင်ဆိုင်ချင်ပါသည်။သို့သော်လည်း ကျုပ်မှာကလေးတစ်ယောက်လောက်ပင်ဝန်ခံရဲ့သည့်သတ္တိမရှိခဲ့ပါ။ တိတ်ဆိတ်နေခဲ့မိပါသည်။ ကျုပ်ကပြေးလေကလေးငယ်ကလိုက်လေ။ ကျုပ်ကရှောင်လေကလေးငယ်နဲ့တည့်တည့်တိုးတိုးလေ။ ဒီတိုင်းလေးသဘောကျတာမို့လို့...မပြေးပါနဲ့ဦးတည်ငြိမ်ဦးရယ်တဲ့။ ကျုပ်ဟာကလေးငယ်ကိုဘာမှပြန်မပြောနိုင်ဘဲတိတ်ဆိတ်နေရုံသာတတ်နိုင်ခဲ့သည်။ ကလေးငယ်၏စိတ်ကခန့်မှန်းရအလွန်ခက်သည်။ တစ်ခါတစ်လေအေးတိအေးစက်နဲ့စကားတွေပြောနေတတ်သလို ၊ တစ်ခါတစ်လေကြတော့လည်းပျော်ရွင်နေတတ်သည်။ ဘယ်လိုနေနေ သူမ၏ဖြူစင်မှုလေးကပေါ်လွင်နေသည်။ ကလေးငယ်၁၈နှစ်ပြည့်တဲ့နေ့က...ကျုပ်ဟာသူမရဲ့မြတ်နိုးရာဖစ်ကြောင်းတွေကိုဖွဲ့သီပြောပြနေခဲ့သည်။ ကျုပ်လည်းဆက်ပြီးမပြေးနိုင်တော့ပါ။ လျစ်လျူရှုရန်အင်အားလည်းမရှိတော့ပါ။ ထိုနေ့ကပင်...ဆူးခက်ဖြူသည်တည်ငြိမ်ဦး၏ဆူးတစ်ခုဖစ်လာခဲ့သည်။ သူမထက်ဆယ်နှစ်ကျော်ကြီးသည့်ကျုပ်ကို "မောင်" တဲ့ဗျာ။ လူတွေကြားရင်ရယ်ကုန်တော့မှာပဲလို့ပြန်ပြောခဲ့ပေမဲ့၊ "မောင်" ဆိုသည့်နာမ်စားကိုကျုပ်နှစ်သက်ခဲ့ပါသည်။ နှစ်သက်ကြောင်းကိုတော့ထုတ်ဖော်မပြောပြခဲ့ပါ။ ကျုပ်ဟာကလေးငယ်နှင့်ပက်သတ်လျှင်ဘယ်အရာကိုမှနှစ်သက်ကြောင်း၊မြတ်နိုးကြောင်းမဖော်ပြခဲ့ပါ။ ကျုပ်အတွက်သူတစ်ယောက်သာရှိသည်ဆိုသောအကြောင်းမှလွဲရင်ဘာကိုမှပြောပြခဲ့ခြင်းမရှိခဲ့ပါ။ အပြင်မှာတွေ့ဖစ်တဲ့ရက်တိုင်း...ကလေးငယ်၏မျက်ဝန်းများကိုကျုပ်ကိုမျက်တောင်မခတ်ကြည့်နေတတ်သည်။ သူမ၏အလွဲအချော်တွေ၊အဆင်မပြေမှာတွေကိုပြောပြတတ်ပြီး၊မောင်ရောဘာပြောချင်သေးလဲလို့မေးတတ်သည်။သူမ၏လက်ဖဝါးသေးသေးလေးနှင့်ကျုပ်လက်မောင်းကိုချိတ်တွယ်ချိန်တိုင်း ကျုပ်ပျော်ရွင်မိသည်။ ထာဝရချိတ်ထားစေချင်သည်။ ဘာလိုအပ်လဲ၊ဘာဝယ်ပေးရမလဲမေးတိုင်း "မောင့်မျက်နှာ၊မောင့်အပြုံးအမြဲမြင်ချင်တယ်၊မောင့်အသံကိုအမြဲကြားချင်တယ်" ဒါတွေဟာသူမရဲ့လိုအပ်မှုတွေပဲလို့ဖြေတတ်သည်။ ကျုပ်ဘဝထဲကလေးငယ်ဝင်လာတာတစ်နှစ်ပြည့်ခဲ့ပီ။ "မောင့်ကိုဆူးခက်ချစ်တယ်" တဲ့။ ဒီစကားကြားတော့ကျုပ်တွေဝေမိပါသည်။ သူမဆက်ပြောလာခဲ့သည်။ "ပြန်ချစ်ဖို့မလိုပါဘူး၊သိစေချင်ရုံပဲ၊ မောင်စိတ်အနှောင့်အယှက်ဖစ်အောင်ဘာမှမမျော်လင့်ထားပါဘူး၊ မောင်ချစ်တဲ့သူပေါ်လာရင်သွားပါ၊အရေးကြီးတာကမောင်ပျော်နေဖို့ပါပဲ" ။