Part-32

700 30 0
                                    

                     အချိန်များသည် ‌တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး ရာရာတို့ နှစ်ဆုံးစာမေးပွဲဖြေရတော့မည်ဖြစ်သည်။စာကိုသေချာဂရုတစိုက်လုပ်ရုံသာမက ဉာဏ်လည်းကောင်း၊စာလည်းတော်သော ရာရာ့အတွက်စိတ်ပူစရာမရှိပေ။သို့သော်လည်း မေမေ‌နှင့်ဦးခေတ်တို့က စာမေးပွဲနီးလာလေ သူ့အားပို၍စည်းကမ်းတင်းကြပ်လေပင်။အရင်ကလို ရာရာ ကျောင်းဆင်းတိုင်းမကစားရတော့ပေ။ကျောင်းမှပြန်ရောက်လာသည်နှင့် ခဏနား၊ရေချိုးပြီးတာနှင့် စာပြန်နွှေးရသည်။



                    ဦးခေတ်ပြန်လာမှ ရာရာတို့သုံးယောက်အတူတူထမင်းလက်ဆုံစားကြသည်။ဦးခေတ်သည်ပင် မေမေ့အား "ဒေါ်လေး"မှ "မေမေ"ဟုပြောင်းခေါ်နေပြီဖြစ်သည်။မေမေသည် ဦးခေတ်က သူ့အား "မေမေ"ဟုခေါ်သည့်အချိန်မှစ၍ ရာရာ့ဘက်မှာမရှိတော့။တစ်ခုခုဆို "သားခေတ်လေးအတွက်၊သားခေတ်မှန်တယ်"ဆိုတာချည်းပဲဖြစ်သည်။သားခေတ်ဆိုသည် ပါးစပ်ဖျားကပင်မချစတမ်းခေါ်နေသည်။ဦးခေတ်ကလည်း သဘောခွေ့နေဟန်။သူ့အား မေမေက "သားခေတ်"လို့ခေါ်လိုက်သည်နှင့် ပြုံးဖြီးနေသည်မှာ ပါးစပ်ကနားရွက်ပင်တက်ချိတ်မတတ်။ကြာလာတော့ ရာရာတစ်ယောက် gravityအပြင်ဘက်ခုန်ထွက်တော့မည်။တစ်ယောက်တည်း သင်းကွဲ၊ဥတစ်လုံးလေးဖြစ်နေသည်။



                     ထမင်းစားပြီးသည်နှင့် ဦးခေတ်က revisionပြန်လုပ်ပေးတတ်သည်။ရာရာ့တွင်အားနည်းချက်တစ်ခုရှိသည်။Logarithmsကြည့်ရမှာပျင်းခြင်းဖြစ်သည်။တစ်ခါတစ်လေ ChemistryမှTitrationတွက်နေရင်း သို့မဟုတ် Physicsတွက်နေရင်း အဖြေများမှတ်မိနေသည့်အခါ Log(Logarithms)မကြည့်ဘဲကျော်ချသွားတတ်သည်။ထိုအခါ ဦးခေတ်က သူ့အားဆူလေ့ရှိသည်။ထို့ကြောင့် အမြဲတမ်းLogဇယားအား မပျင်းမရိချတွက်ရသည်။Logဇယားမဆွဲဘဲနေရင်းမှ အကျင့်ပါပြီး စာမေးပွဲဖြေသည့်အခါ မေ့ကျန်ခဲ့မည်စိုး၍ဟုပြောသည်။



               စာတွက်ပြီး၍ ဦးခေတ်စာစစ်နေချိန် ရာရာက Bioပြန်ကျက်ရသည်။စာပြန်နွှေးပြီးသည်နှင့် အလွတ်ပြန်ရေးရသည်။စာတစ်လုံးမှားလျှင် ဦးခေတ်က ရာရာ့အား လက်သီးဆုပ်ခိုင်း၍ လက်ဆစ်များအား ပေတံစောင်းဖြင့်ခေါက်တတ်သည်။ထို့ကြောင့် bioရေးလျှင် ရာရာအမြဲတမ်းသတိကပ်ထားရသည်။စာရေးပြီး၍ အချိန်ပိုနေလျှင် Bioပုံများထိုင်ဆွဲရသည်။Physics, Chemistry definitionများ ပြန်ကျက်ရသည်။ပြီးလျှင် ဦးခေတ်နှင့်အတူ ဘုရားရှိခိုး၊မေမေ့အားအတူတူကန်တော့ပြီး၍ ဦးခေတ်အားကန်တော့ပြီးမှသာ ရာရာအိပ်ရသည်။



ချစ်ခြင်းတည်စေWhere stories live. Discover now