အချိန် နာရီ ရထားလေး
မြန်နှုန်းပြေး........,
မိုင်တိုင်များလည်း ကျော်
အတိတ်ကိုသာ သိမ်းဆည်းစေချင်သူ
ကြင်နာစွာ ယှက်ပြေးသော အချစ်မိုးများ
ရင်ခုန်တတ်စမှာ....
မင်းလက်ဆောင် အနမ်းလေး
ငါလွမ်းသည်.............။
တဖြည်းဖြည်းနီးလာသော ရွာအဝင်လမ်းလေးကို ကြည့်ရင်း ငယ်ရွယ်စဥ် အချိန်က အဖြစ်အပျက်တွေက တဖွားဖွားပြန်ပေါ်လာခဲ့သည်။ မြေးမြစ်ရသည့်အထိတိုင်အောင် မမေ့နိုင်သည့် အရာက ငယ်ချစ်ဦး ဟု ဆိုကြသည် မဟုတ်လား။
ချစ်ကြည်နူးခဲ့တဲ့ အချိန်လေးတွေကို ပြန်မြင်ယောင်ရင်း လိုက်ပါစီးနင်းလာသော ဘတ်စ်ကားလေးက သူ့ရဲ့ မှတ်တိုင်မှာ ဆိုက်ရောက်လေပြီ။
ကားဂိတ်မှာ ဆင်းလိုက်ပြီး ထင်ရှားစွာ မြင်နေရသော ရွာဝင်လမ်းလေးကို ပြုံးရွှင်စွာ ကြည့်ရင်း ခရီးဆောင်အိတ်လေးကို ဆွဲကာ တက်ကြွသော ခြေလှမ်းများဖြင့်.........။
စိမ်းစိုစို လယ်ကွင်းတပြင်လုံးမှာ အခုများတော့ ဝါဝါဝင်းနေသော စပါးပင်များဖြင့် ပြည့်နှက်လို့ နေလေပြီ။ ရိတ်သိမ်းစက်တွေကိုလည်း ဟိုတစ်ခု ဒီတစ်ခု တွေ့နေရသေးသည်။
တဖြူးဖြူးတိုက်ခတ်နေသော လေနုအေးအေးတွေကို တဝကြီး ရှူရှိုက်ရင်း..... ရွာအဝင်လမ်းလေးတစ်လျှောက် ဝင်လာတော့........
ရွာအဝင်ဝမှာတင် တွေ့ရသော ညောင်ပင်ကြီးကြောင့် မျက်နှာက အလိုလိုပြုံးမိရင်း..... အတိတ်က ချစ်ရသူဆီသို့.........,
''ကိုကို..... အဖြေမပေးသေးဘူးလားဟင်... ကျွန်တော် ဘယ်အချိန်ထိ စောင့်နေရအုံးမှာလဲပြော.... ကိုကိုက တအားညစ်တယ်''
မျက်နှာရှုံ့မှဲ့စွာဖြင့် မေးလာသော ကောင်လေးကြောင့် ကျွန်တော့်မှာလည်း ရယ်ချင်စိတ်ကို မနည်းကြိတ်မှိတ်ထားရသည်။
''ဟော..... အဲ့မျက်နှာက ဘာဖြစ်တာတုံး.... ငါမင်းကို ဘာအဖြေမှ မပေးဘဲ နေလိုက်မှာ''