Episode-6 [Uni+Zawgyi]

1.3K 142 6
                                        

-Unicode-

"စာတွေပိုင်နေပြီလား ကူကူး"

"မင်းအပူမပါဘူး။"

"ဟင် ကူကူးကလည်း တစ်ခါတလေလေးများစကားကောင်းကောင်းပြောကြည့်ပါလား။ အမြဲဘုနဲ့ဘောက်ချည်းပဲ"

"ငါးပါးစပ်နဲ့ငါဘယ်လိုပြောပြော"

ထယ်ယောင်းကဘေးကနေလိုက်ပြီး မျက်နှာကိုအချိုဆုံးထား၍အမေးအမြန်းထူကာစကားများသည်။ ‌ဂျောင်ကုကတော့ မျက်နှာကိုတည်သည်ထက်တည်၍ ဘေးမှအမေးအမြန်းထူကာစကားများနေသူအား အေးတိအေးစက်ကြည့်ပြီးဘုနဲ့ဘောက်ခပ်ပြတ်ပြတ်ပြန်ပြောသည်။ ဒါသည် သူတို့နှစ်ဦး၏နေ့စဉ်ဖြတ်သန်းနေကျ မရိုးနိုင်သောပုံရိပ်ပင်ဖြစ်၏။

ဘာလိုလိုနှင့် မနက်ဖြန်ဆိုလျှင်စာမေးပွဲဖြေဆိုရတော့မည်။ 19ရက်နေ့မှစတင်မည်ဖြစ်သောစာမေးပွဲသည် 24ရက်နေ့၌ပြီးဆုံးမည်ဖြစ်ပြီး 25ရက်နေ့သည်ခရစ်စမတ်နေ့မို့ကျောင်းပိတ်လေသည်။ အရင်နှစ်တွေကဆို ခရစ်စမတ်နေ့၌ ကျောင်းတွင်ပျော်ပွဲရွှင်ပွဲလုပ်ပေးသော်လည်း ယခုနှစ်မှာတော့ နားရက်သာပေး၏။ သူတို့အဆောင်နေကျောင်းသားများသည်လည်း ထိုနေ့၌ မနက်(၆)နာရီကနေည(၈)နာရီအထိ အပြင်ထွက်ခွင့်ရထားသည်ပင်။

"25ရက်နေ့ကျငါးနှစ်ပြည့်ပြီ။"

သူ့စကားကြောင့် ထမင်းပန်းကန်ကိုင်ပြီးစားပွဲလွတ်ရှိရာသွားနေသည့်ကူကူး၏ခြေလှမ်းများတန့်သွားသည်မို့ သူပါသတိလက်လွတ်ဖြင့်လမ်းလျှောက်ခြင်းအားရပ်လိုက်မိလေသည်။ နောက်သို့ပြန်ငဲ့ကြည့်လာသောကူကူး၏မျက်ဝန်းနက်များထဲတွင် အဓိပ္ပာယ်ဖော်ရခက်သောအရိပ်အယောင်တို့ယှက်ပြေးနေ၏။

"အဲ့တာလည်း ငါ့ကိစ္စမဟုတ်ဘူး။"

လက်စွဲတော်စကားအားဆိုကာ ခပ်တည်တည်ပင်ရှေ့သို့ပြန်လှည့်၍ခြေလှမ်းများကိုဆက်သည်။

"သူ့ကိစ္စလို့ရောငါကပြောမိလို့လား ဟင့်! အလကားနေမာန်မာနမိုးပေါ်ရောက်နေတဲ့ကောင် အရူး"

မျက်နှာကိုမဲ့၍ပါးစပ်လှုပ်ရုံတီးတိုးရေရွတ်ကာ ဇွန်းကိုကိုင်လို့ခေါင်းကိုထုဟန်ပြုပြီး နောက်ကနေလိုက်ခဲ့၏။ တစ်ခါတလေကျတော့လည်းတွေးမိပါသည်။ ဒီလောက်ချေမိုးပြီးဘဝင်ရူးသွေးနားထင်ရောက်နေတဲ့ကောင်ကို ဘာကြည့်ပြီးများ ယခုချိန်ထိတန်းတန်းစွဲကြိုက်နေမိသလဲလို့ပေါ့...။

CRUSH : Sunset With YouWhere stories live. Discover now