𝐸𝓈𝓅𝓇𝑒𝓈𝓈𝑜

534 66 9
                                    

" အပြစ်ပြောစရာ မရှိဘူး "

သုံးနှစ်လုံးလုံး campus တစ်ခုထဲ အတူတူ တက်လာတာတောင် တစ်ခါမှ နှုတ်ဆက်စကား မဆိုဖူးတဲ့ စီနီယာ ဟီဆွန်းနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့လိုက်ရချိန်မှာ ထွက်လာတဲ့ ဂျုံဆောင်းရဲ့ တစ်ခွန်းတည်းသော မှတ်ချက်။

ဂျုံဆောင်းမှ မဟုတ်ပါဘူး။ ဒီ တက္ကသိုလ်က ဘယ်သူမဆို ဒီမှတ်ချက်နဲ့ မတိမ်းမယိမ်း မှတ်ချက်တစ်ခုကိုပဲ ပြုကြမှာ။ ဂျုံဆောင်းစိတ်ထဲ တွေးနေရုံနဲ့ တင် ကျောင်း community ထဲ စီနီယာ့ ပုံတွေက ပျံ့နှင့်နေပြီးလောက်ပြီ။ စီနီယာ ဟီဆွန်း ဘယ်လို ချောကြောင်း၊ ခန့်ညားကြောင်း၊ အဖိုးတန် အမျိုးမှန်လေး ဖြစ်ကြောင်းကို ရွှန်းရွှန်းဝေအောင် ဖွဲ့ဆိုထားတဲ့ စာတွေလည်း ပလူပျံနေလောက်ပြီ။

" ကိုယ့်ကို တစ်ချက် ကြည့်ပေးပါဦး။ သူတို့ လုပ်ပေးထားတာ အဆင်ပြေရဲ့လားလို့ "

ပျားပန်းခတ် သွားလာနေတဲ့ ဝန်ထမ်းတွေ၊ ကင်မရာ မီးရောင်တွေ၊ မှန်တံခါး တစ်ဖက်ခြမ်းက ငယ်သံပါအောင် ခြစ်အော်နေတဲ့ ကျောင်းသူလေးတွေ။ ဂျုံဆောင်း အတွက် အရာ အားလုံး ထူးဆန်းနေတယ်။ တခြား စကြာဝဠာ တစ်ခုထဲ ရောက်နေသလို ခံစားနေရပေမယ့် စီနီယာ့ကို ကြည့်ရတာတော့ ဒါတွေက ထမင်းစားရေသောက် သလောက်​တောင် မခက်ခဲတဲ့ ပုံ ပေါက်နေတယ်။

" ဟုတ် .. အဆင်ပြေတယ်ဗျ "

" မင်းရော အဆင်ပြေရဲ့လား .. ကြည့်ရတာ အဆင်မပြေတဲ့ ပုံပဲ "

" ဟုတ် .. နည်းနည်း "

ပြေစရာလား။ သူ့ရှေ့ရောက်နေတာ တစ်မိုးအောက် အီဟီဆွန်းလေ။ အမှတ် (၁၃) အထက်တန်းကျောင်းရဲ့ ဂုဏ်ဆောင် ကြယ်ပွင့်လေး အီဟီဆွန်း။ ဆိုးလ် အမျိုးသား တက္ကသိုလ်ရဲ့ အနာဂတ်လေး အီဟီဆွန်း။ ကျောင်းသူတွေတိုင်းရဲ့ အိပ်မက်ထဲက မင်းသားလေး အီဟီဆွန်းလေ။ 

" ဟာ .. မကြောက်ပါနဲ့။ ကိုက်မစားပါဘူး .. အေးဆေး "

အမှန်ဆို ဘာမှတော့လည်း ကြောက်စရာ မရှိ။ စီနီယာက သူခင်ထားတာထက်ကို ပိုပြီး ခင်ဖို့ကောင်းတဲ့ပုံ။ ဒီလောက် အထိ သဘောကောင်းတဲ့ စီနီယာကို အထက်တန်းကတည်းက ရင်းနှီးအောင် မနေခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုတောင် နည်းနည်း အပြစ်တင်ချင်သလို ဖြစ်လာတယ်။ မဟုတ်ရင် အခုလောက်ဆို အတော် ရင်းနှီးနေလောက်ပြီကို။

Everlasting   Where stories live. Discover now