🤍Lone Lone's Punishment🤍

279 33 5
                                    

(Unicode)

"အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး..

 ဤသုံးမျိုး နောင်ပြင်ရန် ခက်သည့်အမျိုး.. တဲ့"

ရှေးလူကြီးတွေစကား သိပ်မှန်ကြောင်းကို ပြည်လုံး ဂူဖောက်ပြီးသာ ပြောပြလိုက်ချင်သည်။ ဒီဆိုရိုးကို လုံးဝယုံသွားပါပြီ..။

"ခြေသံ.. ခြေသံကြားတယ်.. လာနေပြီ.. ငါ့ဆီကို လာနေပြီ.."

အိပ်နေရင်းကနေ ကယောင်ကတမ်း ထအော်နေတဲ့သူကို ပြည်လုံး စိတ်ပျက်လက်ပျက်နဲ့ ထိုင်ကြည့်နေမိသည်။ ရက်ပိုင်းလေးအတွင်းမှာကို ချိုင့်ဝင်သွားတဲ့ မျက်ကွင်းတွေရယ်..၊ ဖြီးသင်မထားတဲ့ ဆံပင်စုတ်ထောင်းထောင်းရယ်၊ မရိတ်တာကြာလို့ ပေါ်ထွက်စပြုနေတဲ့ မုတ်ဆိတ်မွှေးငုတ်စိတွေရယ်ကြောင့် သူ့ယောကျာ်း ဟိန်းတေဇမှ ဟုတ်ရဲ့လား..၊ အရူးတစ်ယောက်ယောက်များ လူစားထိုးပြီး လာအိပ်နေတာလားလို့ ကိုယ့်ကိုကိုယ် ပြန်မေးရသည်။

"သူ.. သတိလေးပါလေးထားပါဦး၊ နိုးပြီဆိုလည်း ထတော့၊ မိုးလင်းနေပြီ"

 "အာ.. ထ..ပြီ ချစ်...."

ထပြီလို့ ပါးစပ်ကအော်ပြီး သွားရည်တောင်မသုတ်နိုင်ဘဲ ပြန်အိပ်ပျော်သွားသည်။ ပိုးလို့ပက်လက်သေနေတဲ့သူက ပြည်လုံး မြင်မြင်ချင်းကြွေခဲ့ရတဲ့ ဟိန်းတေဇမှ ဟုတ်ပါလေစ..။ ကျောင်းတက်တုန်းက ရှိုးပြခဲ့တဲ့ ဟိန်းတေဇရဲ့ ပဲတစ်တောင်က အခုဘယ်များရောက်သွားပါပြီလဲ..။ အိမ်ထောင်သက်တစ်နှစ်ကျော်လေးမှာတင် ဟိန်းတေဇ ပြောင်းလဲသွားခဲ့တာကြောင့် ပြည်လုံး  စိတ်မကောင်းဖြစ်ရပါသည်။

ဒီလိုဖြစ်မယ်မှန်းသိရင် ကြို့ပင်ကောက်ကို ပြန်ကြမယ်လို့ပြောတုန်းက သူခေါင်းခါခဲ့ရမှာ။ မြို့ထဲမှာ စတိုးဆိုင်ဖွင့်ရအောင်လို့ အကြံပေးတုန်းကလည်း အပြတ်ငြင်းခဲ့ရမှာ။ အခုတော့..

"သူ ထရင်ထ..မထရင်နေတော့၊ ၁၀မိနစ်အတွင်းမထရင် မနက်စာမကျွေးဘူး"

ပြည်လုံး စောင်ကိုဆွဲချခဲ့ကာ တေဇရဲ့လက်မောင်းကို နာနာလေးဖြတ်ရိုက်ပြီးမှ အခန်းပြင်ကို ထွက်လာခဲ့လိုက်သည်။ လက်ဖက်ရည်ဆိုင်က ကောင်လေးလာပို့သွားတဲ့ အီကြာကွေးနဲ့ လက်ဖက်ရည်ကို ပန်းကန်တွေ၊ ခွက်တွေထဲ ပြောင်းထည့်နေစဉ်မှာပဲ ကုဋေရှစ်ဆယ် သူဌေးယောကျာ်းက အိပ်ရေးမဝသေးတဲ့ ရုပ်နဲ့ထွက်လာသည်။

True Love Eternal UniverseWhere stories live. Discover now