ကောင်းသောအချစ်များသည်.....

421 43 4
                                    

"ဟုတ်ကဲ့ ဒါဆိုရင် နောက်ဆုံးအနေနဲ့
ပြီးတော့ Mr.Ethanလဲ စိတ်မကွက်ဘူးဆိုရင်ပေါ့။
ကျွန်တော်က လူတိုင်းစိတ်ဝင်စားနေကြတဲ့ Mr.Ethanရဲ့ အချစ်ရေးအကြောင်းကို
မေးမယ်ဆိုရင် အဆင်ပြေရဲ့လားမသိဘူးဗျ"

ကော်ဖီဆိုင်လေးထဲမှာ လူရှင်းနေတယ်ဆိုပေမဲ့ ပတ်ဆောင်ဟွန်းအသံကတော့ တစ်ဖက်လူကြားလောက်ရုံသာ အေးအေးသက်သာနှင့်ထွက်လာခဲ့သည်။
ရောက်စက တဖွဲဖွဲနှင့်ကျနေသော မိုးဖွဲလေးက စဲသွားပြီဆိုပေမဲ့ ကောင်းကင်ကတော့ ကြည်လင်နေတာမျိုးမဟုတ်သေးပေ။
လင်းတယ်ဆိုရုံလောက်သာ အလင်းရောင်ရပြီး မကြာခင် သည်းကြီးမည်းကြီး ထပ်ရွာမည့်ပုံပေါ်သည်။

စားပွဲအောက်က အမှိုက်ပုံးထဲမှာတော့ ကော်ဖီဆိုင်အလာမှာရွာနေတဲ့ မိုးကြောင့် နည်းနည်းစိုသွားတဲ့ ခြေထောက်နဲ့ ဖိနပ်ကို သုတ်ဖို့ Mr.Ethanကမ်းပေးလာခဲ့တဲ့ တစ်ရှုးဖြူဖြူတွေ။

မိုးကောင်းကောင်းမလင်းလို့ ထင်ပါရဲ့။
ဆိုင်ထဲကို ထပ်ဝင်လာတဲ့ ဧည့်သည်ဆိုတာ မရှိသလောက်ပင်။
ဦးလေးကြီးတစ်ယောက်ဝင်လာပြီး ကော်ဖီမှာသံကို ကြားရပေမဲ့ ပါဆယ်ပဲယူသွားသည်ထင်။
ထိုင်သောက်နေတဲ့အသံကို မကြားရ။
စားပွဲထိုးလေးနှင့် ငွေရှင်းကောင်တာမှကောင်မလေး စကားပြောနေသံကိုတော့ တစ်ချက်တစ်ချက်ကြားရသည်။

Mr.Ethanက ‌အောင်မြင်မှုကို နှစ်တွေအကြာကြီးရရှိခဲ့တဲ့၊ဆယ်စုနှစ်ကျော်အောင် ဆက်ပြီးထိန်းထားနိုင်ခဲ့တဲ့
ကဗျာဆရာဆိုပေမဲ့ အချစ်ရေးအကြောင်း အင်တာဗျူးတာမျိုး ဘယ်တုန်းကမှလက်မခံခဲ့။

အချစ်ကဗျာတွေနဲ့ စတင်ပြီး နာမည်ကြီးလာခဲ့တဲ့
အသက်နှစ်ဆယ်ကျော်ကောင်လေးဟာ သူမဟုတ်ခဲ့သလို။
သူ မချစ်ခဲ့ဖူးသလို။
သူ ထပ်မချစ်နိုင်တော့သလို။
သူ ဆက်ပြီးချစ်နေသေးသလို။
သူ့ အချစ်တွေသေသွားသလို။
သူ့ အချစ်တွေ မကုန်ဆုံးနိုင်သလို။
သူ မမေ့နိုင်သေးသလို။
သူ ချန်ထားနိုင်ခဲ့သလိုနဲ့..........။

ရှေ့မှာထိုင်နေတဲ့ Mr.Ethanက သူ့ကိုခပ်ငေးငေးကြည့်နေရင်းမှ စကားဆိုလာ၏။

"ကျွန်တော့်အတွက်က ဖြေပေးဖို့ အဆင်ပြေပါတယ်။
ဒါပေမဲ့ ကျွန်တော်မဖြေခင် ကျွန်တော့်ကို သတင်းထောက်ပတ်ရဲ့ လက်ရှိအချစ်ရေးအခြေအနေကို ပြောပြပေးပါဆိုရင်ရော သတင်းထောက်ပတ်အတွက် အဆင်ပြေရဲ့လားဗျ။
ငြင်းပိုင်ခွင့်ရှိတဲ့ စကားပါ။
ဖြေပေးရင် ကျေးဇူးတင်မှာဆိုပေမဲ့ အရမ်းဝန်ထုပ်ဝန်ပိုးကြီး မထားပါနဲ့။သတင်းထောက်ပတ်ကို ဖိအားမရစေချင်ပါဘူး။"

ကောင်းသောအချစ်များသည်.....Where stories live. Discover now