ဖော်ဖီးရီးယား၏ ချစ်ရသူ

6 1 1
                                    


     Unicode

အဲဒီည.....ညနေအစောပိုင်းကတည်းက မိုးတွေရွာနေတဲ့ အဲဒီညကပေါ့~~~
လေပြင်းတွေက စိတ်ပျက်ဖို့ကောင်းလောက်အောင်ကို အရမ်းတွေတိုက်နေတာ။ သစ်ပင်ကြီးတွေလည်း အလဲလဲအပြိုပြိုပါပဲ။ နောက်ကျိနေတဲ့ဗွက်အိုင်တွေပေါ်မှာ သစ်ပင်တွေလဲကျလို့။
ရာသီဥတုအခြေအနေကြီးက အထီးကျန်စရာအတိ။တဲလေးထဲက တစ်ယောက်တည်းသမားကျွန်တော့်အတွက်ပေါ့...
အဲဒီအချိန်မှာပဲ ဖော်ဖီးရီးယား...သူမ ကျွန်တော့်ဆီရောက်လာခဲ့တယ်။ သူမရဲ့တည်ရှိခြင်းက ကျွန်တော်ရဲ့တဲလေးကို အပြင်ကရာသီဥတုဆိုးဝါးမှုတွေကနေ တသီးတခြားဖြစ်သွားစေပါတယ်။ သူမက အရင်ဦးဆုံး အနွေးဓာတ်ရအောင် မီးဖိုနေတယ်။ မီးဖိုကအလင်းရောင်ကြောင့် တဲလေးကအနည်းငယ် အသက်ဝင်လာသလိုပါပဲ။
သူမက မီးဖိုနေရာကထလာပြီး စိုရွှဲနေတဲ့ သူမရဲ့ အနွေးထည်၊ မာဖလာလေးနဲ့ လက်အိတ်တွေကို တစ်ခုချင်းဖယ်နေလေရဲ့။ သူမရဲ့ ဦးထုပ်ကိုလည်းချွတ်လိုက်ပြီး ရေစိုနေတဲ့ ဆံနွယ်ရှည်တွေကို ဖားလျားချထားလိုက်တာပေါ့။
ပြီးတော့ သူမကျွန်တော့်ဘေးနားလာထိုင်​ပြီးကျွန်တော့်နာမည်ကို တိုးတိုးညင်းညင်းလေးခေါ်တယ်။ ကျွန်တော် သူမကို ဘာမှမတုံ့ပြန်မိလိုက်ဘူး။ အဲတော့ ကျွန်တော့်လက်တွေကို သူမခါးနားမှာ ပွေ့ဖက်ထားခိုင်းတယ်။ သူမရဲ့ပုခုံးပေါ်က အဝါရောင်ဆံနွယ်တွေကို ဖယ်ရှားလိုက်ပြီး ကျွန်တော့်ကို သူမပုခုံးပေါ်မှာ မှီထားစေလိုက်တယ်။ ဆံနွယ်ဝါလေးတွေကတော့ ကျွန်တော့်ပါးနားမှာ ပျံဝဲလို့ပေါ့။သူမရဲ့နှုတ်ခမ်းတွေကနေလည်း ကျွန်တော့်ကို ဘယ်လောက်ထိချစ်ကြောင်း တတွတ်တွတ်ပြောနေလိုက်တာများ...
သူမသိနေမှာပါ...ကျွန်တော်တို့ရဲ့ဆက်ဆံရေးက အရမ်းကြီးနွေးထွေးမနေတော့ဘူး ဆိုတာကို။
သူမမိသားစုရဲ့ 'ဂုဏ်တွေ၊မာနတွေနဲ့ ကျွန်တော်'၊ ဒီနှစ်ခုပေါ်မှာ သူမ,မပြတ်သားနိုင်သေးဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ သံယောဇဉ်တွေက အေးစက်လာချင်နေပြီရယ်။
ဒါပေမယ့် ဒီည...ဒီည သူမ ကျွန်တော့်ကို တကယ်ချစ်တယ်လို့ ခံစားနေမိတယ်။ သူမရဲ့ချစ်စိတ်အဟုန်က သူမမိသားစုရဲ့နှောင်ကြိုးတွေကို လွှမ်းမိုးနိုင်သွားပြီထင်ပါ့။ သူမရဲ့လုပ်ရပ်တွေက သူမကျွန်တော့်အပေါ် ဘယ်လောက်ထိချစ်တယ်၊ အလေးထားတယ်၊ အားကိုးတယ်ဆိုတာ သက်သေပြနေပြီလေ___ဒီလောက်မုန်တိုင်းထန်နေတဲ့ညမျိုးမှာတောင် ကျွန်တော်ကိုလာအဖော်ပြုပေးတယ်။ သူမတို့လူကုံထံပါတီပွဲကြီးကို ချန်ပစ်ထားခဲ့ပြီးတော့ပေါ့။သူမရဲ့ချစ်ခြင်းမေတ္တာတွေကို ကျွန်တော်အပြည့်အဝခံစားမိပါတယ်။ ကျွန်တော်နဲ့အတူရှိတဲ့အချိန်ဆို သူမက ပျော်ရွှင်ကျေနပ်နေတာပါပဲ။ ကျွန်တော်လည်းပဲ သူမကကျွန်တော့်အပိုင်လို့ ခံစားရချိန်ဆို အရာရာပြီးပြည့်စုံနေသလိုပါပဲ။
သူမရဲ့မျက်လုံးလေးတွေက ကျွန်တော်နဲ့မခွဲနိုင်ဘူးဆိုပြီး အားကိုးတကြီးတောင်းဆိုနေသလိုမျိုးလေး။ ဟုတ်တယ်။ သူမက အခုဆို ကျွန်တော်နဲ့ တစ်သက်လုံးရှိနေချင်နေပြီလေ။ အဲ့လိုဖြစ်အောင် ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ပိုင်နေရဖို့ ဘာလုပ်ရမလဲ။ ကျွန်တော်သေချာစဉ်းစားတယ်...
အိုး ရပြီ။ ကျွန်တော်သိသွားပြီ ဘာလုပ်သင့်တယ်ဆိုတာ ကျွန်တော်သိပြီ။
ကျွန်​တော် သူမရဲ့ဆံနွယ်ဝါတွေကိုစုပြီး သူမရဲ့လည်ပင်းသေးသေးသွယ်သွယ်လေးမှာ ရစ်ပတ်ပေးလိုက်တယ်။ ဆံပင်တွေကရှည်တော့ သုံးပတ်လောက်ထိပတ်မိသွားတာပေါ့။ နောက်ဆုံးအရစ်မှာ ကျွန်တော် သူမရဲ့ဆံနွယ်တွေကို အားထည့်ပြီး ရစ်ပစ်လိုက်တယ်.....သူမ,နာတော့မနာသွားလောက်ပါဘူးလေ။ ဟုတ်မှာပါ။ သူမနာကျင်မှုကိုခံစားမနေရလောက်ပါဘူး....
ကြည့်ပါအုံး...သူမရဲ့မျက်လုံးလေးတွေဆိုတာ ပျားတစ်ကောင်ကို ထည့်ငုံထားတဲ့ပန်းဖူးလေးလို မို့မို့ဖောင်းဖောင်းလေး။ ကျွန်တော် သူမရဲ့မျက်ခွံလေးတွေကို လက်ကလေးနဲ့ အသာလေးဖွင့်ကြည့်လိုက်တယ်။ အပြစ်အနာမဆာမရှိ သိပ်လှတဲ့မျက်လုံးပြာလေးတွေပါဗျာ....ကျွန်တော့်ကို လှောင်ပြောင်ရယ်မောပြီး ကြည့်နေသလိုပဲ။
သူမရဲ့လည်ပင်းပေါ်မှာ ရစ်ခွေနေတဲ့ ဆံပင်တွေကို ကျွန်တော် ပြန်ဖြည်ချလိုက်တယ်။ သူမရဲ့ ဦးခေါင်းကို ပင့်တင်ပေးလိုက်ပြီး ကျွန်တော့်ရဲ့ ပုခုံးပေါ်မှာ မှီထားစေလိုက်တယ်။ သူမက ကျွန်တော့်ပုခုံးပေါ်မှာ မှီလျက် မလှုပ်မယှက် ငြိမ်ငြိမ်လေးပေါ့။ သူမရဲ့ပန်းနုရောင်ပြေးနေတဲ့မျက်နှာလေးကတော့ ပြုံးယောင်သန်းနေသလိုလို၊ ကျွန်တော့်ရဲ့ ပြင်းပြတဲ့အနမ်းတွေကြောင့် ရှက်သွေးဖြာနေလေရဲ့။
သူမလည်းဝမ်းသာနေမှာပါလေ။ သူမနဲ့ကျွန်တော် ဘယ်တော့မှမခွဲဘဲ အတူတူနေသွားလို့ရပြီ။ ပြီးတော့....သူမရဲ့အချစ်၊ သူမရဲ့အချစ်ကိုကျွန်တော်တစ်ယောက်တည်း ထာဝရပိုင်ဆိုင်နိုင်သွားပြီပေါ့။ ကျွန်တော်နဲ့ဖော်ဖီးရီးယား... ကျွန်တော်တို့နှစ်ယောက် အခုညအတူရှိနေနိုင်ပြီ။ နောင်ညပေါင်းများစွာမှာလည်း ဒီလိုပဲအတူရှိနေနိုင်ပြီ။ ဘယ်သူ ဘယ်အရာကမှ မနှောင့်ယှက်နိုင်တော့ဘူး။ ကျွန်တော် သူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပဲလေ။ ဒါကြောင့် ဘုရားသခင်လည်း ကျွန်တော်ရဲ့လုပ်ရပ်အပေါ် အပြစ်မယူလောက်ပါဘူးလေ~


You've reached the end of published parts.

⏰ Last updated: Aug 12, 2023 ⏰

Add this story to your Library to get notified about new parts!

ေဖာ္ဖီးရီးယား၏ ခ်စ္ရသူWhere stories live. Discover now