Chapter -5

310 47 24
                                    

Unicode

Chapter -5

အသိစိတ်က လူကို ချဉ်းကပ်လာပေမဲ့ မျက်ခွံတို့ကတော့ ရီဝေဝေခေါင်းနဲ့အတူ လေးလံနေဆဲအနေအထားနဲ့ ကျွန်တော်နိုးလာပါပြီ။

မျက်လုံးတို့ ဖွင့်မကြည့်ရသေးပေမဲ့ ခံစားမိတာက ကျွန်တော့် ပါးတစ်ဖက်နဲ့ ကပ်နေတဲ့နေရာရဲ့ အထိအတွေ့ပါ။ နူးညံ့ခြင်းနဲ့အတူ ခုန်လှုပ်နေတဲ့ တစုံတရာကို ခံစားမိတော့မှ အလန့်တကြား ဆတ်ခနဲ မျက်လုံးဖွင့်လိုက်မိပြီး လူကတော့ တုပ်တုပ်မှ မလှုပ်ရဲပါဘူး။

*ဟင် ဘာလဲ ငါ အကို့ရင်ဘတ်နဲ့ မျက်နှာကပ်အိပ်မိနေတာလား*

စိတ်ထဲကပဲ အပြူးအပြဲစဉ်းစားမိရင်း ခုန်လှုပ်နေတဲ့ နှလုံးခုန်သံလေးက လူကိုဆွဲဆောင်တော့ လန့်တာအားနာတာတွေပျောက်ပြီး မတိုးမကျယ်ကြားနေရတဲ့ နှလုံးခုန်သံလေးကို အသာငြိမ်လို့ နားထောင်မိသည်။ဆေးပညာ အခေါ်အဝေါ်အရဆို နှလုံးခုန်သံရဲ့ အသံဟာ lup dupလို့ထွက်တာတဲ့ ကိုကိုကပြောပြခဲ့ဖူးတယ်လေ။ ဒုတ် ဒုတ် မဟုတ်ဘူးလားလို့ မေးတော့ ကိုကိုက နဖူးကို သူ့လက်သီးနဲ့ထုလို့ သူ့နားကျပ်လက်ထဲထည့်ပေးပြီး သူ့နှလုံးခုန်သံကို နားထောင်ကြည့်လို့ ခိုင်းခဲ့ဖူးပါတယ်။ တကယ်ပဲ သူပြောသလို ပီပီသသကြီး lup dupဆိုတဲ့ အသံကြားရပြီး ဒီအသံဟာ ကျန်းမာနေတဲ့ နှလုံးကထွက်တဲ့အသံဖြစ်ကြောင်း ရှင်းပြခဲ့သလို ပုံမှန်မဟုတ်တဲ့ နှလုံးကထွက်တဲ့အသံကတော့ murmurs ဆိုတဲ့ အသံဖြစ်လိမ့်မယ်တဲ့။

အခု ကျွန်တော်ကြားနေရတဲ့ အကို့ရင်ထဲက နှလုံးခုန်သံဟာ ကျန်းမာစွာခုန်လှုပ်နေကြောင်း သိနေခံစားနေရပေမဲ့ lup dupဆိုတာထက်ပိုတဲ့ ဂီတသံလေးလိုပဲ ခံစားမိနေတာ ဘာလို့လဲ။ ကိုကို့ရဲ့နှလုံးခုန်သံကို ပထမဆုံးနားထောင်ခဲ့ရတုန်းကတောင် ဘာမှမခံစားခဲ့ရပေမဲ့ အခုတော့ အကို့ရဲ့ နှလုံးခုန်သံ တချက်ချင်းစီက ကျွန်တော့်အတွက် နားထောင်လို့ကောင်းတဲ့ သံစဉ်လေးလိုဖြစ်နေတာပါ။အကို့ကြောင့် ကျွန်တော့်နှလုံးသားကတော့ မူမမှန်စွာ ညီးတွားနေရပြီ အကိုရေ။

ကျွန်တော်ကသာ သူ့ရင်ဘတ်နဲ့ ကျွန်တော့်ပါး အပ်လို့ အိပ်နေခဲ့မိပေမဲ့ သူကတော့ ငြိမ်ဆိမ်စွာနဲ့ သူ့လက်နှစ်ဖက်ကို သူ့ဘာသာခပ်တင်းတင်းပိုက်လို့ အိပ်နေတာက ကျွန်တော့်ကို ပွေ့ဖက်မိမှာကြောက်နေသည့်အလား။ ကျွန်တော့်ကြောင့် သူ့အိပ်စက်ခြင်းတွေ မလွတ်လပ်တော့ ရင်ထဲဆစ်ခနဲ နာရပြီး နောက်သို့ ကိုယ်ကို ရို့လိုက်မိသည်။ ကျွန်တော်လှုပ်ရှားမိတာနဲ့ သူလည်း စက္ကန့်ပိုင်းအကြာမှာ နိုးလာပြီး မျက်လုံးပွင့်တာနဲ့ လူကို ပြုံးပြလာတော့သည်။

KosWhere stories live. Discover now