Broken Melodies

951 110 0
                                    

အသက်ဝင်လွန်းတဲ့ညဘက်လေစိမ်းတွေကြောင့် တစ်ဖျပ်ဖျပ်လွင့်နေတဲ့ခန်းစီးက ရင်ထဲကိုအထီးကျန်မှုတွေတိုးလို့သယ်လာပေးနေသလို။ လေပြင်းတစ်ဝှေ့မှာသူ့ခန္ဓာကိုယ်‌လေးတစ်ချက်တုန်ယင်သွားတာကြောင့်ရင်ဘတ်နားဟနေတဲ့ cardigan လေးကိုဆွဲစိလိုက်သည်။ အရှေ့ရက်တွေထက်ပိုအေးလာတယ်ဆိုပေမယ့်ဂယူဘင်းအတွက်တော့ဒီလောက်အအေးဒဏ်ကနေလို့ကောင်းနေသေးသည်။
ယူဂျင်းစိုက်ပေးထားတဲ့ နှင်းဆီပန်းတွေနဲ့ပြည့်နေတဲ့ window balcony လေးကိုအခန်းအတွင်းဘက်ကနေခုံတန်းလေးလုပ်ထားပြီး စောင်ပါးလေးရယ်ခေါင်းအုံးအသေးလေးတွေနဲ့အလှဆင်ထားတဲ့‌တစ်ကွက်စာလေးက တစ်အိမ်လုံးမှာသူအကြိုက်ဆုံးနေရာ။ ဒီအချိန်မှာတစ်ချက်တစ်ချက်မှလေနဲ့အတူပြတင်းပေါက်ကနေတစ်ဆင့်နှာဖျားထဲသို့တိုးဝင်လာတဲ့နှင်းဆီနံ့သင်းဖျော့ဖျော့လေးရယ် သောက်လက်စဝိုင်ခွက်ထဲက စပါးလင်နဲ့ချဥ်တင်တင်စူးရှရှပေါင်းစပ်ထားတဲ့ပန်းသီးအနံ့လေးတွေကသာသူ့အတွက်အဖော်။
ပြတင်းပေါက်ဘောင်ပေါ်မေးတင်ရင်းသန်းချီတဲ့ကြယ်တွေနဲ့ထွန်းတောက်နေတဲ့ နက်ပြာ
ရောင်ညကောင်းကင်ကိုငေးမော့ကြည့်လိုက်သည်။ ညအရမ်းမနက်သေးပဲလမ်းပေါ်ဖြတ်သွားကြတဲ့ လူတစ်ချို့ရဲ့အသံတွေ ခပ်စိပ်စိပ်ကြားနေရဆဲအချိန်ဖြစ်ပေမယ့် ဂယူဘင်းအတွက်တော့ အမြန်ကုန်ဆုံးသွားစေချင်နေပြီဖြစ်တဲ့ပုံမှန်ညတစ်ညအပြင်မပိုနေ။
အိပ်ဆေးအကူအညီယူပြီးမှ အိပ်ပျော်နိုင်တဲ့ရေတွက်မရနိုင်တော့တဲ့ညတွေကိုသူငြီးငွေ့နေပြီ။ ဖြစ်နိုင်ရင်နေဝင်ချိန်တွေတိုင်းမှာသူအချိန်တွေကိုရပ်ထားပစ်လိုက်ချင်သည်။ ဒါမှမဟုတ်နေဝင်ချိန်တွေကသာ နေ့တစ်နေ့ရဲ့အဆုံးသတ်ဆိုရင်ဘယ်လောက်‌လှပလိုက်မလဲ။
ဒါပေမယ့်ညဘက်တွေကလည်းအရင်တုန်းကသူ့အတွက်လှပခဲ့ဖူးတာပဲလေ။ အထူးသဖြင့်ဒီညလို တိမ်ကင်းပြီးကြယ်တွေကိုစုံစုံလင်လင်မြင်နိုင်တဲ့ညတွေ။ အခုတော့အဲ့ဒီစုံစုံလင်လင်တောက်ပနေတဲ့ကြယ်တွေကမြေပြင်ပေါ်ကအထီးကျန်နေတဲ့လူသားတစ်ယောက်ကိုလှမ်းလှောင်နေကြသယောင်။ အခန်းပြတင်းပေါက်ဆီဖြာကျ‌နေတဲ့ လရောင်ဖျော့ဖျော့ကလည်း အထီးကျန်နေတဲ့လူတစ်ယောက်ကို spotlight တစ်ခုအသွင်မီးမောင်းထိုးပြနေသယောင်။ ဒီအချိန်သူ့အတွက်မြင်သမျှအရာတိုင်းက ကောင်းတဲ့အသွင်ဆောင်တဲ့ပြယုဂ်တစ်ခုမှဖြစ်မနေ။

Bruised Jigsaw (GYUJIN)Where stories live. Discover now