2 (U/Z)

418 40 3
                                    

Unicode

"တိမ်ယံရယ် တကယ်ကြီး ရန်ကုန်မှာ သွားတက်တော့မှာပေါ့..."

အဝတ်ကူခေါက်ပေးရင်း ဘေးနားကနေ တတွတ်တွတ်မေးနေရှာသော သူငယ်ချင်းဖြစ်သူ ပန်းနွယ်ကြောင့် ပြန်ဖြေဖို့ပင် သူ အားနာလာသည်။
ဘေးမှာထိုင်နေသည့် သူရကလည်း ကျုပ်အဖြေကို စောင့်ဆိုင်းနေဟန်တူပါသည်။

"နွယ်ရယ်...ငါက ရန်ကုန်မှာ တစ်သက်လုံးအခြေချဖို့သွားတာမှမဟုတ်ဘဲ။ကျောင်းပိတ်ရက်ရရင် ပြန်လာမှာပေါ့...။"

"ဟင့်...ရှိတာမှ ဒီသူငယ်ချင်းလေးသုံးယောက်ကို နင်က ဒီလို ခွဲထွက်သွားတော့...ရွှတ် အီ ဟီး..."

ပြောရင်းဆိုကာ ငိုတော့သည့် နွယ့်ကြောင့် ဘေးနားက သူရပင် ပျာသွားသည်။

"နွယ်...နင်ဟာလေ ကလေးစိတ်ကို မကုန်သေးဘူးပဲ။
ဘေးက နင့်လူပျိုကိုလည်း အားနာပါဦးဟာ..."

"တိမ်ယံနော်...ကောင်စုတ်။
ငါကတော့ ငါ့သူငယ်ချင်းလေး မိဝေးဘဝေး ဆွေးမျိုးအဝေးမှာ တစ်ယောက်တည်း ဖြစ်နေရှာမှာပဲဆိုပြီး စိတ်မကောင်းလိုက်ရတာ..."

"နင့်စေတနာကို နားလည်ပါတယ် နွယ်ရယ်။
ငါလည်း နင်တို့ကို သတိရနေမှာပေါ့…။
ငါမရှိတုန်း အဖေ့ကိုလည်း ဂရုစိုက်ပေးပါဦးနော်။"

"စိတ်ချပါ။နင်သာ ဂရုစိုက်။
အောက်ပြည်က လူလိမ်လူညာတွေ ပေါပါဘိနဲ့။"

နွယ့်စကားကြောင့် သူပြုံးမိသွားရပြန်သည်။
သူကိုယ်တိုင်လည်း သီချင်းတွေ၊တိပ်ခွေဇာတ်လမ်းတွေထဲကနေ အောက်ပြည်မှာ အစစအရာရာ ထွန်းကားသလောက် ဘယ်လိုအလိမ်အညာတွေပေါကြောင်း၊အောက်ပြည်သူ၊အောက်ပြည်သားတွေ ဘယ်လောက်လည်ကြောင်း၊လိမ်တတ်ကြောင်းတွေကို ကြားခဲ့ဖူးတာပဲလေ…။

"မောင်နီရေ မပြီးသေးဘူးလား…။ဒီမှာ မင်း ဖအေစောင့်နေတာ ကြာပေါ့…။"

အိမ်ရှေ့မှ ဒွေးလေးတင်ရီ‌ပင် လှမ်းအော်နေပြီမို့ နွယ်လက်ဆောင်ထည့်ပေးလိုက်သော ဖျင်တဘက်လေးနှင့် ထန်းလျက်ဘူးလေးကို ထန်းခေါက်ဖာထဲထည့်၍ လက်စသတ်ရတော့သည်။

"လာပါပြီ ဒွေးလေးရဲ့…။"

"သားကြီး ဟိုရောက်ရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်။
ကျန်းမာရေးလည်း ဂရုစိုက်။
စာကိုလည်း သေချာအာရုံစိုက်။
ဒွေးလေးဆီ စာရေးဖို့လည်း မမေ့နဲ့ဦးနော်။"

ဂျပ်ဆင်ထိပ်က အချစ်ငှက်ငယ် {ဂ်ပ္ဆင္ထိပ္က အခ်စ္ငွက္ငယ္}Where stories live. Discover now