အပိုင်း(၉)

789 90 4
                                    

                    နွန်းလုံနဲ့ဂူဂူး အပါးနှင့်အမိုးတို့အိမ်မှပြန်လာတော့ ညနေစောင်းနေလေပြီ။နေရောင်ခြည်ဖျဖျလေးသည် နွန်းလုံနှင့်ဂူဂူးတို့အပေါ်ကျရောက်နေပြီး လေ‌ပြည်နုနုလေးသည်တငြိမ့်ငြိမ့်။လေလေးတစ်ချက်ဝှေ့လိုက်တိုင်းတွင် ဂူဂူး၏ဆံပင်လိမ်ကောက်ကောက်ကလေးများသည် လွင့်ခနဲ။နှစ်ယောက်သားတိတ်ဆိတ်ငြိမ်သက်လျက် ညနေခင်း၏အလှတရားကိုအပီအပြင်ခံစားနေကြသည်။

                  လမ်းတစ်လျှောက် နွန်းလုံကဂူဂူးကိုငေးလိုက် ဂူဂူးကနွန်းလုံကိုမသိမသာလေးငေးလိုက်ဖြင့်အဆင်ပြေနေတော့သည်။နှစ်ယောက်သား သူ့ကိုကိုယ်ကကြည့်၊ကိုယ့်ကိုသူကကြည့်ဖြင့် မုန့်လုံးစက္ကူကပ်နေသလိုပင်။မကြာမီစာမေးပွဲကလည်းဖြေရတော့မည်ဖြစ်၍ ဒီရက်ပိုင်းသာအားလပ်ရက်ရမည်ဖြစ်သည်။

                  စာမေးပွဲဖြေခါနီးပြီဆိုလျှင် ဇာဏ်နှင့်ငြိမ်းချမ်းမောင်တို့က နွန်းလုံတို့အိမ်သို့စာလုပ်ရင်း ညအိပ်တတ်ကြသည်။ဂူဂူးက အတန်းငယ်လေးဖြစ်သော်လည်းစာသေချာလုပ်ရမည်ပင်။အစကောင်းမှအနှောင်းသေချာမည်ဖြစ်သည်။ရွှေကူးမှာတော့ စကင်တောင်မကဲနိုင်ရှာ။စာကိုသာ ကုန်းရုန်းလုပ်နေရှာသည်။တစ်ခါတစ်လေဆိုလျှင် ‌ကျောလယ်မရောက်တရောက်ဆံပင်အား နောက်ညှပ်ကလစ်ကြီးနှင့်ထိုးညှပ်ကာ မျက်နှာပြောင်နှင့် သူတို့အိမ်ရောက်လာတတ်သေးသည်။ကာတွန်းဘောင်းဘီအတိုနှင့်တီရှပ်အပွကြီး၀တ်လာပြီး စိတ်ကိုအနားပေးသည်ဟုဆိုကာ မေမေလုပ်ထားသောမုန့်များကိုလာစားတတ်၏။

                   ဂူဂူးကတော့ နွန်းလုံအနားသာကပ်နေပြီး စာလုပ်ရင်တော့ အိမ်ပြန်ပြီးစာလုပ်တတ်သည်။စာမေးပွဲကလည်းတဖြည်းဖြည်းနီးကပ်လာပြီမို့ လေလွင့်နေလို့မဖြစ်တော့။နွန်းလုံတို့ ကိုးတန်းကျောင်းသားများနှင့် အလယ်တန်း၊မူလတန်းကလေးများသည် ဖေဖော်ဝါရီလတွင်သာဖြေရပြီး ရွှေကူးတို့လိုဆယ်တန်းကျောင်းသားကျောင်းသူများမှာတော့ မတ်လမှသာဖြေရလေသည်။ဂူဂူးလေးတွင် အကျင့်တစ်ခုရှိသေးသည်ကို နွန်းလုံမကြာသေးခင်ကသိလိုက်ရ၏။

WAN AN ~~Wo Ai Ni Ai Ni Where stories live. Discover now