🌻အခန်း(၂၄)🌻

16.1K 554 40
                                    

'မာမီ...ဒီမြူစွမ်လေးတော့ ကုန်အောင်သောက်လိုက်ပါ..ဆေးသောက်ရဦးမယ်လေ..'

မာမီ ဘာမှမစားဘဲ အခန်းအောင်းနေတာ ရက်အတော်ကြာပြီ။ သူလည်း အလုပ်ကိစ္စတွေများပြားရှုပ်ထွေးနေသဖြင့် မာမီ့ကိုတောင် ဂရုမစိုက်နိုင်ခဲ့ပါ။ သူ မအားသည့်ရက်တွေမှာ မာမီ့မျက်နှာ ချုံးချုံးကျ အိုစာသွားခဲ့ပြီ။

'မသောက်ချင်ပါဘူးသားငယ်ရယ်... မာမီ ဘာမှစားမဝင်ဘူး..'

ဒေါ်မျိုးမြင့်ကြွယ်က မြူစွမ်ပန်းကန်ကိုတောင် ကြည့်ချင်စိတ်မရှိတော့သလိုမျိုး ခေါင်းခါပြ၍...

'ဒီနေ့ဆို သားရဲ့အစ်ကို ဆုံးသွားခဲ့တာ (၈)နှစ်ပြည့်ပြီ၊ မာမီ့သားကြီးခမျာ ဘယ်သူက ဘာရန်ငြှိုးနဲ့သတ်သွားမှန်းမသိ အသေစောခဲ့ရှာတယ်.. မင်းဒက်ဒီကလည်း သူများပယောဂကြောင့် ဆေးရုံမှာမြောနေတာ ကြာလှပါပေါ့လား... မာမီတို့မိသားစု ဘယ်လိုဝဋ်ကြွေးတွေကြောင့် ဒီလိုစိတ်ဒုက္ခတွေ၊ သောကတွေကြုံနေရတာလဲ နားမလည်တော့ပါဘူးသားရယ်..'

မာမီ မချိတင်ကဲပြော၍ ငိုကြွေးနေတော့ ဈာန်ရဲ မာမီ့ကိုဖက်ထားရင်း ကျိခနဲအံကြိတ်မိသည်။ သူကိုယ်တိုင် မာမီ့မျက်ရည်တွေကို သုတ်ပေးရုံမှလွဲ၍ မာမီ့သောကတွေကိုဖြေဖျောက်ပေးဖို့ မတတ်နိုင်သေးပါ။

'ဒက်ဒီက ပြန်ကောင်းလာမှာပါ မာမီ.. အစ်ကိုလည်း ကောင်းရာမွန်ရာရောက်နေမှာပါ..မာမီ့ဘေးမှာ သားတစ်ယောက်လုံးရှိပါသေးတယ်..'

မာမီ့ကို အမျိုးမျိုးနှစ်သိမ့်ဖျောင်းဖျပေး၍ မြူစွမ်ဝင်အောင်တိုက်ရသည်။ မာမီ ဆေးသောက်ပြီး အိပ်ပျော်သွားမှ သူအခန်းထဲက ထွက်ခွင့်ရ၏။

နှစ်တိုင်း အစ်ကို့အုတ်ဂူဆီသွားနေကျမို့ ဒီနေ့လည်း ခရစ်ယာန်သင်္ချိုင်းသို့သွား၍ ပန်းစည်းသွားချဖြစ်သည်။ သူ့ထက် လေးနှစ်ပဲကြီးသည့် အစ်ကို့ကို နောက်ဆုံးမြင်လိုက်ရသည့်အချိန်ဟာ သင်္ခယာဆိုသော နယ်နိမိတ်ဧရိယာအတွင်း စံကားပင်တွေနားမှာ စွန်လွှတ်နေချိန်ဖြစ်သည်။
အစ်ကို မသေဆုံးခင် ထိုနေ့က သူ့ကို စွန်လွှတ်ဖို့ သာယာလှပသည့် နေရာတစ်ခု တွေ့ထားသည်ဟုဆို၍ သင်္ခယာ နယ်မြေအတွင်း ခေါ်လာခဲ့သည်။ ရှေးဆန်သည့်တံတိုင်းတွေ ကာရံထားသော်လည်း အထဲမှာ သဘာဝအတိုင်းတည်ရှိနေသည်ဟု ထင်ရသော မြက်ခင်းစိမ်းတွေ ရေတံခွန်တွေနှင့် တောအုပ်လေးရှိသည်။ မက်ဆီကန်နေကြာတွေကိုလည်း တောင်စောင်းပုံစံ ကမူစွန်းတွေမှာ နေရာအနှံ့တွေ့ရ၏။
သိပ်လှသည့် သင်္ခယာ နယ်မြေကို အစ်ကို ဘယ်လိုရှာတွေ့သလဲ ဟု သူမေးခဲ့ဖူးသည်။ အစ်ကိုက သူ့သူငယ်ချင်းတစ်ယောက် ပိုင်သည့်နေရာဟုရှင်းပြသည်။ ထို သူငယ်ချင်းနှင့် မိတ်ဆက်ပေးဖို့ပါ ချိန်းထားခဲ့သည်ဟု ဆိုပြန်ကာ စွန်လွှတ်ရင်းဖြင့် သူ့သူငယ်ချင်းအလာကို ညီအစ်ကိုနှစ်ယောက် စောင့်မျှော်ခဲ့ကြသည်။ သူ စွန်လွှတ်ရင်း၊ စွန်နောက်လိုက်ရင်း ​အစ်ကိုနှင့် ဝေး၍ ဝေး၍သွားမှန်းမသိခဲ့ပါ။

သူ စွန်ပြန်သိမ်းပြီး ပြန်ဖို့ဟန်ပြင်မှ ခြေလှမ်းတွေနယ်လွန်ခဲ့ကြောင်း သတိထားမိကာ အစ်ကို့ကိုလိုက်ရှာသည်။ သူတို့ လာခဲ့သည့် မူလနေရာနားမှာလည်း အစ်ကို့ကိုမတွေ့ရချေ။ အစ်ကိုက ကျီစားသန်သည်။ သူ မတွေ့နိုင်သည့် နေရာမှာပုန်းရင်း သူလိုက်ရှာသည့်အချိန်တိုင်း နောက်ကျောဘက်မှ ဘွားခနဲပေါ်လာကာ သူလန့်အောင် လုပ်နေကျ။
အစ်ကို ကျီစားသလားဟု စိတ်ခုမိလျက် တော်တော်နှင့် ရှာမတွေ့နိုင်။ သူ စိုးရိမ်ပူပန်မှု၊ ထိတ်လန့်ကြောင့်ကြမှုများနှင့် ဆက်ရှာလေမှ ရေတံခွန်ဘေး ရေကန်ထဲမှာ ပေါလောပေါ်နေသည့်အစ်ကို့အလောင်းကို တုန်လှုပ်ခြောက်ခြားစွာ ရှာတွေ့ခဲ့သည်။
ရေမကူးတတ်သည့်အစ်ကိုဟာ ရေနစ်သေဆုံးခဲ့သည်ဟု ထင်ရသော်လည်း အစ်ကို့လည်ပင်းက စွန်ရစ်ဘီး ကြိုးရာကြီးကြောင့် လုပ်ကြံမှုဟု ကောက်ချက်ချခဲ့သည်။ တရားခံကိုလည်းမသိ၊ မျက်မြင်သက်သေလည်းမရှိသဖြင့် သာမန်ရေနစ်သေဆုံးမှုတစ်ခုအဖြစ်သတ်မှတ်၍ အမှုပိတ်ပစ်ခဲ့ကြသည်။
အစ်ကို့အတွက် သူဘာမှလုပ်မပေးနိုင်ခဲ့သလို ဒက်ဒီ့အတွက်လည်း တာဝန်မကျေသေးပါ။
အစ်ကို့အုတ်ဂူမှာ ပန်းစည်းချခဲ့ပြီး ကားဆီပြန်လာခဲ့လျှင် ဖုန်းဝင်လာသဖြင့် ကိုင်လိုက်ရ၏။

'ဟဲလို....'

'......,.....,.......'

'ဟုတ်ပြီ...မင်းပို့ထားတာ ငါကြည့်လိုက်မယ်..'

ကားထဲဝင်ထိုင်ပြီးမှ သူ့လူပို့ထားသည့်ဖိုင်ကို ဖွင့်ကြည့်မိကာ အပြုံးတစ်ချက်ဖြစ်သွား၏။ 'နေကြာရိုင်း' ဆိုပါလား။ နာမည်က ကဗျာဆန်သလောက် လူကလည်း လှသည်။ သူ့ထက်တောင် (၂)နှစ်ကြီးသည့် သူမက graphic designerတစ်ယောက်ဖြစ်ကာ မိဘတွေမရှိတော့ဘဲ အဒေါ်နှင့်နေသည်ဟုဆို၏။ တခြားမိသားစုဝင်ဟူ၍ မရှိဘဲ 'နေစက်ကွင်း'ဆိုသူ၏ တစ်ဦးတည်းသော သူငယ်ချင်းတဲ့လား။

သူငယ်ချင်းတွေ...တဲ့လား။ အမြွှာမောင်နှမလို့ထင်ခဲ့မိတာ တက်တက်စင်အောင် လွဲခဲ့ချေပြီ။ သူငယ်ချင်းလောက်မကသည့် ရင်းနှီးမှုတွေကို ကိုယ်တိုင်မြင်ခဲ့ရသောကြောင့် ပို၍အံ့သြမိခြင်းဖြစ်၏။ မောင်နှမအရင်းတွေတောင် ရုပ်ချင်းမဆင်တာမျိုးတွေ့ဖူးပေမဲ့ နေစက်ကွင်းနှင့် နေကြာရိုင်းကတော့ သွေးသားမတော်စပ်ဘဲ နာမည်တူ၊ ရုပ်ဆင်သည့် ရှားပါးတွေပါလား။

သူမ၏ဘိုင်အိုဂရပ်ဖီကို စုံစမ်းပေးသူက သူမကို Treza Studioနားမှာမြင်လိုက်သည်ဟု အတိအကျညွှန်လိုက်သဖြင့် သူ ထိုနေရာသို့ အမြန်ဆုံးရောက်လာခဲ့သည်။

'ဒုက္ခပါပဲ..ဒီထီးကတစ်မျိုး..အရေးထဲ လေကတိုက်နေသေးတယ်..'

ရန်ကုန်မိုးက ဆောင်းဦးရာသီမှာတောင် အစိုးမရ။ အချိန်မရွေး ရွာသွန်းနိုင်​ခြေပြနေသည်။ လေ အနည်းငယ်လာနေသဖြင့် အမြော်အမြင်ရှိရှိ ထီးယူလာခဲ့တာ မှန်သွားပြီ။

'Mirror...အရမ်းမြန်မြန်မသွားနဲ့လေ.. ငါ့ကိုစောင့်ဦး...'

Mirrorကိုလည်း လှမ်းအော်ရသေးသည်။ ကဖေးဆိုင်ထဲဝင်ဖို့ ထီးပိတ်လိုက်ပေမဲ့ ထီးခလုတ်က ကျပ်နေသဖြင့် အတော်နှင့်ပိတ်မရ။ ပိတ်မရသည့်ကြားထဲမှာ လေတစ်ချက်အဝှေ့ကြောင့် ထီးက အထက်သို့လန်၍ လက်ထဲမှလွတ်ကာ လွင့်စင်သွားသည်။

'အယ်...ထီးပါသွားပြီ..'

လွင့်ပါသွားသည့်ထီးနောက် ပြေးလိုက်လာခဲ့စဥ် တစ်စုံတစ်ယောက်က ထိုထီးကိုဖမ်းယူလာကာ ပိတ်လျက်သားပြန်ပေး၏။

'ရော့..ခင်ဗျားထီး...'

နေ ထိုသူ့ထံမှ ထီးကို လက်ကမ်းယူ၍ ခေါက်သိမ်းလိုက်ပြီး...
'ကျေးဇူးပါနော်..'ဟုဆိုသည်။ ထီးပြန်ပေးသည့် ထိုသူသည် ဟိုတလောက Capitalမှာ တွေ့ခဲ့သူမှန်း ချက်ချင်းမှတ်မိလိုက်၏။

သူ့ကိုပြုံးသည်ဆိုရုံမျှ ပြုံးပြပြီး ဆိုင်ထဲဝင်လာကာ Mirrorစောင့်နေသည့်စားပွဲမှာဝင်ထိုင်သည်။

'Mirror...နင့်ဖို့အသားမှာပေးမယ်..'

ဝိတ်တာကိုခေါ်၍ စားစရာတွေမှာပြီး နာရီတစ်ချက်ကြည့်၍ ထိုင်စောင့်နေစဥ် သူမတစ်ယောက်တည်းရှိနေသည့်စားပွဲဝိုင်းသို့ စောစောကလူ ဝင်ထိုင်လာသည်။

'ကျွန်တော် ဒီဝိုင်းမှာထိုင်မယ်နော်...တခြားဝိုင်းတွေမှာ လူပြည့်နေလို့..'

ရည်မွန်စွာပြုံးပြ၍ ခွင့်ပြုချက်တောင်းနေသဖြင့် နေ ခေါင်းညိတ်ပြ၏။

'ရပါတယ်..'

သူမ ခွင့်ပြုလိုက်တော့ ဈာန်ရဲ ကျေနပ်သွားကာ ဝိတ်တာကိုကော်ဖီတစ်ခွက်လှမ်းမှာသည်။ သူမှာသည့်ကော်ဖီက ခဏအတွင်း ရောက်လာပြီး နေ့အတွက် စားစရာတွေကတော့ မလာသေးပါ။

'ခင်ဗျား ကျွန်တော့်ကို ဒီတစ်ခါတော့ မှတ်မိလောက်ပြီထင်ပါတယ် မနေကြာရိုင်း..'

Mirrorခေါင်းလေးကိုသပ်ပေးနေစဥ် ကိုယ့်နာမည်ကိုခေါ်လိုက်သဖြင့် နေ မျက်နှာမော့လာသည်။

'ရှင် ကျွန်မနာမည်ကိုသိနေတာလား..'

အံ့သြစွာမေးလျှင် ဈာန်ရဲက ကော်ဖီကိုတစ်ငုံသောက်၍..

'ခင်ဗျား Treza Studioမှာ ကြော်ငြာရိုက်နေတဲ့အလှမာန်နဲ့ချိန်းထားတာမို့လား...'

'ဟင်...ဒါလည်း ဘယ်လိုသိတုံး...'

နေ မျက်ခုံးပင့်သွားရပြန်ပြီ။ ဈာန်ရဲက ပြုံးလိုက်ရင်း..

'အလှမာန်က ကျွန်တော့်ရည်းစားလေ...'

'ဟောတော်...'

နေ အာမေဍိတ်သံထွက်သွားလျက် ပါးစပ်ကိုလက်ဝါးဖြင့် ကပျာကယာအုပ်လိုက်မိသည်။

'အခုတော့ ကျွန်တော်တို့နှစ်ယောက် လမ်းခွဲလိုက်ပါပြီ... တမြန်နေ့ကမှ လမ်းခွဲလိုက်တာ.. သူက ကျွန်တော့်ကိုကျော်ပြီး နောက်တစ်ယောက်တွေ့သွားပြီတဲ့လေ...'

ဈာန်ရဲပြောနေသမျှ နေ မျက်လုံးလေးဝိုင်းလျက် ပါးစပ်အဟောင်းသားနှင့်နားထောင်နေတော့သည်။

'ကျွန်တော်တို့ လေးနှစ်ကြာတွဲခဲ့တယ် ၊ လူသိရှင်ကြားစေ့စပ်ခဲ့တယ်.. ဒါပေမဲ့ အခုတော့စေ့စပ်ပွဲလည်း ပျက်သွားပါပြီ..'

သူက ဆွေးမြည့်ကြေကွဲသလိုပြောရင်း ကော်ဖီသောက်မပျက်ချေ။ နေ့မှာသာ သူ့စကားတွေကြောင့် မျက်တောင်ခတ်ဖို့ပင် မေ့နေ၏။

'သူ အခုတွဲနေတဲ့လူက 'နေစက်ကွင်း'တဲ့လေ..အဲဒီ့လူက ခင်ဗျားသူငယ်ချင်းမဟုတ်လား..'

ဈာန်ရဲကပဲမေး၊ ဈာန်ရဲကပဲဖြေပြီး နေက ဘာမှပြန်မပြောဘဲ အသံတိတ်နေဆဲ။

'ခင်ဗျားကို ဒီလိုမျိုးပြောရတာ အားနာမိပါတယ်၊ ကျွန်တော် နည်းနည်းမွန်းကြပ်လာလို့..'

'ရပါတယ်...ကိစ္စမရှိပါဘူး..'

နေက လက်ကာပြရင်း ဝိတ်တာလာချပေးသည့်စားစရာတွေကိုပင် မစားအားသေးဘဲ Mirrorကို သီးသန့်ပန်းကန်နှင့်ထည့်လာသည့်အသားပြုတ် ကျွေးနေသည်။

'ခင်ဗျားနဲ့ကျွန်တော် ဒီတစ်ခါရောဆို ဆုံဖူးတာ သုံးခါရှိပြီနော်..ခင်ဗျားက ကျွန်တော့်ထက်အသက်လည်းပိုကြီးလောက်မယ်ထင်တယ်၊ ကျွန်တော်တို့ မိတ်ဆွေဖြစ်လို့ရမလား.. '

'မိတ်ဆွေဖြစ်လို့ရမလား'ဆိုသည့်အမေးကြောင့် နေ မျက်လွှာပင့်ကြည့်သည်။ ကင်းက ရာမနှင့်သင်္ဂိုရ်မှလွဲ၍ ဘယ်ယောက်ျားလေးမိတ်ဆွေမှ ထားတာမကြိုက်။ အခုလည်း မာန်က ချိန်းလို့သာ ကင်းမရှိတုန်း အပြင်ထွက်လာရသည်ဖြစ်၍ စိတ်တထင့်ထင့်နှင့် လှည့်ပြန်ချင်နေပြီ။

'ကျွန်တော့်ကို မိတ်ဆွေအဖြစ် လက်ခံရမှာ ဝန်လေးနေရင်လည်း ရပါတယ်၊ ကျွန်တော်က ဒီတိုင်း ခင်ချင်ရုံပါ...'

နေ ငြိမ်နေတော့ ဈာန်ရဲကပဲ ထပ်ပြောသည်။

'အဲ့လိုမဟုတ်ပါဘူး..ကျွန်မက ကိုယ့်ဘာသာ တစ်ယောက်တည်းသီးသန့်နေတတ်တဲ့သူမို့လို့ပါ...'

'နေစက်ကွင်းနဲ့ခင်ဗျားကတော့ အရမ်းခင်ကြတဲ့ပုံပဲနော်.. ရုပ်ချင်းလည်းတူကြတယ်..အမြွှာတွေအတိုင်းပဲ..'

'လူတိုင်း ပြောကြပါတယ်...'

နေ့ မျက်နှာလေး ပြုံးယောင်ယောင်ဖြစ်သွားတာကို ဈာန်ရဲသတိထားမိလိုက်၏။

'ဒါပေမဲ့ အကျင့်စရိုက်ချင်း စိတ်ဓာတ်ချင်းတော့ တခြားစီပဲထင်တယ်၊ ခင်ဗျားက ဖြူစင်သလောက် သူက ကောက်ကျစ်ဉာဏ်များတယ်...မာယာကြွယ်တယ်..ဆိုးသွမ်းပြီးတော့ ရက်စက်တယ်..'

'ဟင်..ဘယ်သူကပြောတာလဲ ..ကင်းက လူဆိုးမဟုတ်ပါဘူး..'

နေ ရုတ်တရက်ဖြေရှင်းလိုက်မိပြီးမှ ပါးစပ်ပြန်ပိတ်ရသည်။'ကင်း'လို့ခေါ်လိုက်တာကိုသတိထားမိသည့် ဈာန်ရဲက ကော်ဖီကိုလက်စသတ်၍ ပြုံးလိုက်ကာ..

'အဟွန်း...ကျွန်တော်လည်း သူ့အကြောင်း မကြားရမသိရရင် ခင်ဗျားမျက်နှာကြောင့် သူ လူဆိုးမဟုတ်ပါဘူးလို့ ယုံမိမှာပါ..'

ကင်းကို အတော်များများ မကောင်းမြင်ကြ၊ပြောကြတာတွေ ကြားရဖန်များလာတော့ နေ စိတ်မကောင်းဖြစ်မိသည်။ ကင်းက လူဆိုးမဟုတ်ကြောင်း၊ သေချာပေါင်းကြည့်မှ သူ့အကြောင်းနားလည်လာမည်ဖြစ်ကြောင်း ရှင်းပြချင်သည်။ သို့သော် သူမရှေ့မှလူက ကင်းကိုမကျေနပ်ချက်တွေများနေပုံပင်။ ထိုသူက မာန့်ရည်းစားဟောင်းဖြစ်နေသောကြောင့်လည်း ကင်းအစား အားနာမိသည်။

'ကျွန်မ သူ့အစား ရှင့်ကိုအားနာပါတယ်.. သူက နည်းနည်းတဇောက်ကန်းဆန်တာကလွဲရင် အရမ်းကောင်းတဲ့လူပါ၊ ရှင် ဘယ်လိုတွေကြားထားမှန်းမသိပေမဲ့ ကင်းက ရှင်ထင်သလိုမဟုတ်ဘူးဆိုတာ ကျွန်မအသိဆုံးပါ...'

'အရမ်းကောင်းတဲ့လူ'ဆိုသည့်အသုံးအနှုန်းကြောင့် ဈာန်ရဲ မသိမသာ နှုတ်ခမ်းမဲ့ပြုံး၏။

'ခင်ဗျားက သူငယ်ချင်းကိုတော့ အကောင်းမြင်ပြီး ကာကွယ်ပေးတတ်သားပဲနော်၊ ကျွန်တော် ခင်ဗျားကိုခင်မင်စိတ်ဖြစ်မိတာ မလွန်ဘူးပဲ.. ခင်ဗျားနဲ့တကယ် မိတ်ဆွေဖြစ်ချင်တာပါ.. ခင်ဗျား ဆန္ဒရှိရင် ကျွန်တော့်နာမည်ပြောပါမယ်..မဟုတ်ရင်တော့ ကျွန်တော် ဒီတိုင်းနှုတ်ဆိတ်ပြီးလှည့်ပြန်သွားပါမယ်..'

နေ Mirrorကိုပွတ်သပ်ရင်း တိတ်ဆိတ်နေဆဲမှာ ဈာန်ရဲက ဝိတ်တာခေါ်၍ ပိုက်ဆံရှင်းပြီး ထရပ်သည်။

'ရှင့်နာမည်ပြောပါ..'

လှည့်ပြန်ဖို့ ဟန်ပြင်စဥ် မထင်မှတ်သည့်အမေးကြောင့် ဈာန်ရဲမျက်နှာကြီးဝင်းပသွား၏။

'ကျွန်တော့်နာမည်ဈာန်ရဲတိုက်ပါ.. ခင်ဗျား ကျွန်တော့်ကို မိတ်ဆွေအဖြစ် လက်ခံတယ်ပေါ့နော်..'

'အင်း...ကျွန်မကို ရိုးသားစွာခင်မင်ရင်းနှီးချင်တဲ့လူတိုင်းကို ကျွန်မမိတ်ဆွေအဖြစ် လက်ခံပြီးသားပါ...'

နေ ပြောလိုသည့်အဓိပ္ပါယ်ကို ဈာန်ရဲ ကောင်းကောင်းနားလည်နေသည်။ ထို့ကြောင့် ပီပြင်စွာပြုံး၍ ခေါင်းတဆတ်ဆတ်ညိတ်ပြ၏။

'လမ်းမှာတွေ့ရင်လည်း နှုတ်ဆက်မယ်နော်..ပြီးတော့ ကျွန်တော်တို့မိတ်ဆွေဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ ဒီဝိုင်းအတွက် ကျွန်တော်..'

'အဲဒါတော့မလုပ်ပါနဲ့..လက်မခံပါဘူးရှင်..မာန် လာဦးမှာမို့ပါ...'

'ဟုတ်ပါပြီ..ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး..'

ဈာန်ရဲ နှုတ်ဆက်ပြီးပြန်သွားလျှင် နေတစ်ယောက်တည်း Mirrorနှင့်အတူကျန်ခဲ့သည်။ ဈာန်ရဲတိုက် ဆိုသည့်လူကို မိတ်ဆွေအဖြစ် လက်ခံလိုက်တာ မှားမည်မထင်ပါ။ ထိုသူ လူကောင်းလား၊လူဆိုးလား တစ်ခါမြင်ရုံနှင့်အကဲခတ်ဖို့မလွယ်သည်မို့ ခေါ်ပြောဆက်ဆံကြည့်မှသိနိုင်မည်။ ထို့ပြင် သူက ကင်းကို နက်ရှိုင်းစွာ မုန်းတီးနေပုံပင်။ထိုသူ့ထံမှ မာန်နှင့်ပတ်သက်သည်ထက်ပိုသော အငြှိုးတွေကို နေ ခံစားမိသည်။ ကင်းက သူတို့ထင်ထားသလို လူဆိုးမဟုတ်ဘူးဆိုတာကိုလည်း သက်သေပြချင်၏။
နေတစ်ယောက်တည်း အတွေးတွေ လွင့်မျောနေစဥ် မာန် ရောက်လာသည်။

'bae...စောင့်နေတာကြာပြီလား..'

မာန်က အပြုံးလေးနှင့်မေးရင်း စောစောက ဈာန်ရဲထိုင်ခဲ့သည့်ခုံမှာ ဝင်ထိုင်၏။

'မကြာသေးပါဘူး မာန်ရဲ့...နေက တမင်စောလာခဲ့တာ..'

'baeတစ်ယောက်တည်းလာတာလား..ကို လိုက်ပို့တာလား..'

'နေတစ်ယောက်တည်း Taxiငှားလာတာ..ဒီကိုလာတာ ကင်းမသိဘူး..'

'baeက ကားမမောင်းတတ်ဘူးလား...'

'ဟင့်အင်း...ကားကြောက်လို့မမောင်းရဲဘူး...'

နေ့စကားကြောင့် မာန်က တခစ်ခစ်ရယ်သည်။

' baeရယ်..မာန်တို့တောင် ကိုယ့်ကားကိုယ်မောင်းပြီးသွားလာနေတာ.. ကားမောင်းသင်လိုက်ရင် baeလည်း ကြောက်စိတ်ပျောက်သွားမှာပါ...'

မာန်က ရယ်သံစွက်၍ ပြောနေပေမဲ့ နေက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့် မပီမပြင်ပြုံးလျက်..

'နေ့ဒက်ဒီနဲ့မာမီက နေငယ်ငယ်ကတည်းက ကားအက်ဆီးဒန့်ဖြစ်ပြီး ဆုံးသွားတာ.. အဲဒါကြောင့် နေ ကိုယ်တိုင် ကားမောင်းဖို့လန့်နေတာပါ..'

'ဪ..ဖြစ်ရလေ..မာန်မသိလို့ပြောမိတာ ဆောရီးနော်...'

'ရပါတယ် မာန်..'

မာန်က ဝိတ်တာကိုခေါ်၍ juiceမှာပြီးမှ..

'မာန် အခုလိုချိန်းတာ baeကိုရင်ဖွင့်ချင်လို့ပါ.. baeအိမ်ထိ လာပြီးပြောချင်ပေမဲ့ အဆင်မပြေလို့လေ...'

'ဘာများ ရင်ဖွင့်ချင်လို့လဲ မာန် ..'

နေက မာန် ဘာပြောမလဲ ခန့်မှန်းမိပြီးပြီဖြစ်၍ တည်ငြိမ်စွာနားစွင့်နေ၏။ ကင်းအကြောင်းမှ လွဲ၍ အခြားမရှိနိုင်။ မာန်က ပြောဖို့စကားလုံးတွေ ရွေးချယ်စီစဥ်နေပုံဖြင့် အတန်ကြာမှ...

'တကယ်တော့လေ ...မာန် ကိုစက်နဲ့မတွဲခင် စေ့စပ်ထားတဲ့လူရှိတယ်၊ သူနဲ့မပြတ်သေးဘဲ ကိုစက်ကို ထပ်တွဲသလိုဖြစ်ခဲ့တယ်.. မာန့်မှာ ဘဲရှိတာကို ကိုစက်မသိလောက်ဘူးထင်လို့ ဖုံးဖိထားခဲ့မိတယ်.. အခု အဲဒီ့တစ်ယောက်နဲ့လည်း လမ်းခွဲလိုက်ပါပြီ၊ သူ့ကိုလမ်းခွဲပြီး ကိုစက်ကို ရွေးခဲ့တဲ့အတွက် မာန့်ကိုလက်ညှိုးထိုးကဲ့ရဲ့ကြတာတွေလည်း ကြုံရတယ်၊ ဒါပေမဲ့ မာန်ဂရုမစိုက်ခဲ့ဘူး.. ဘာဖြစ်လို့လဲဆိုတော့ မာန် ကိုစက်ကိုသိပ်ချစ်မိသွားလို့.. အဲဒီ့အတွက် ဘယ်သူဘာပြောပြော မာန် ကိုစက်ကိုပဲ ရွေးချယ်မှာ..မာန့် ရွေးချယ်မှုကြောင့် ကြုံလာရမယ့်အကျိုးဆက်တွေကို ခံနိုင်ရည်ရှိဖို့လည်း အားမွေးထားတယ်...'

မာန်က သူမရှေ့ရောက်လာသည့် ဖရဲဖျော်ရည်ကိုပင် မသောက်အားဘဲ ဆက်ပြောနေပြန်သည်။

'မာန် ကိုစက်ကို တကယ်ချစ်မိသွားတာ bae.. သူ့ကိုလက်လွှတ်ဆုံးရှုံးရမယ်ဆိုရင်တော့ မာန် ခံနိုင်ရည်ရှိမယ်မထင်ဘူး...'

မာန့်စကားတွေက နေ့ရင်ဘတ်တည့်တည့်ကို လာရောက်ထိမှန်လေသည်။ နေ ကွေ့တီယို စားဖို့ပင်မေ့ကာ အသံတိတ်နေ၏။

'တစ်ခါတလေကျတော့လည်း မာန့်ဘက်က တစ်ဖက်သတ်ချစ်နေရသလိုပဲ သိလား.. ကိုစက်က မာန့်ကို စတွဲခါစအချိန်ကလွဲရင် အခုနောက်ပိုင်း လုံးဝအရေးမလုပ်ဘူး၊ မာန် ဖုန်းခေါ်တိုင်းလည်း မကိုင်ဘူး.. ဖွင့်ပွဲနေ့က ပြန်မယ်ဆိုလည်း မာန့်ကိုနှုတ်ဆက်ခဲ့ဖို့ကောင်းပါတယ်.. မပြောမဆိုနဲ့ပြန်သွားတော့ မာန် အရမ်းခံစားရတယ်.. မာန် သူ့ကိုဖုန်းခေါ်နေတာ နှစ်ရက်ရှိပြီ..အခုထိ ဆက်သွယ်လို့မရသေးဘူး..'

မာန်က ပြောရင်း မျက်ရည်တွေဝေ့လာသဖြင့် နေ မာန့်ကို ကရုဏာသက်မိကာ ကင်းအစား အားနာသွား၏။

'ကင်းက အလုပ်တွေများနေလို့ပါမာန်ရယ်..သူက အိမ်တောင် အမြဲကပ်နိုင်တာမဟုတ်ဘူး၊ မာန့်ကို ပြန်ဆက်သွယ်ဖို့ နေ ပြောပေးမယ်.. စိတ်ချနော်..'

'ကျေးဇူးပါပဲ baeရယ်... baeနဲ့ကိုစက် မောင်နှမ မဟုတ်ဘူးဆိုတာလည်း မာန်သိထားတာမကြာသေးပါဘူး၊ ကိုစက်က baeအပေါ်မှာတော့ တကယ် အစ်ကိုလို သူငယ်ချင်းလို ကောင်းတဲ့လူပဲနော်... မာန် baeကို အရမ်းအားကျရတယ်..baeလောက် မဟုတ်ရင်တောင် ကိုစက်ဆီက ဂရုစိုက်မှုနည်းနည်းလေး ရရင် ပျော်မိမှာ..မာန့်ကို သူများတွေက ပြောကြတယ်..ကိုစက်က အပျော်ပဲတွဲတာတဲ့... ရှေ့က မိန်းကလေးတွေလိုပဲ မာန့်ကိုလည်း ထားခဲ့ဦးမှာတဲ့...'

'ဟယ် မာန်ရယ်.. သူများစကားတွေအာရုံထားမနေနဲ့၊ သူတို့က မလိုလို့လျှောက်ပြောနေတာ...'

မာန့်မျက်နှာလေး ညိုနေတော့ နေ မာန့်ကို ဖေးမနှစ်သိမ့်ပေးမိသည်။ ရင်ထဲမှာ နင့်သည်းသော ဝေဒနာတစ်ရပ်ကိုလည်း ခံစားလိုက်ရ၏။ ကင်းကို ဆုံးရှုံးရမှာ ကြောက်မိသော စိတ်နှင့် မာန့်ကိုအားနာမိသောစိတ်တို့ အပြိုင်အဆိုင် လွန်ဆွဲနေကြပြီး ဘေးလူဖြစ်သည့်သူမကသာ ကိုယ့်ခံစားချက်တွေကို မျိုသိပ်သိမ်းဆည်း၍ မာန့်အတွက် ဘေးထွက် နေပေးလိုက်တော့မည်။ ကင်းက အချိန်တန်လျှင် မိန်းမယူမည့်သူ။ သူ့ကို တခြားသောမိန်းမ၏လက်ထဲ ကျေနပ်ကြည်ဖြူစွာ ထည့်လိုက်နိုင်ဖို့ အခုကတည်းက ကြိုတင်၍ခံနိုင်ရည်မွေးထားရမည်မဟုတ်လား။

ကင်းအပေါ်မှာ အဖြူရောင်သံယောဇဥ်မှတစ်ဆင့်ပြောင်းလဲခဲ့သော အချစ်စိတ်တွေ၊ ရင်ခုန်သာယာမှုတွေကို ထိန်းချုပ်သော့ခတ်ထားတော့မည်။
နေ မျက်နှာကို အတတ်နိုင်ဆုံးကြည်လင်စွာ ပြုံးထားရင်း...

'မာန် သူများစကားတွေကိုလျစ်လျူရှုလိုက်နော်...ကင်းကိုယုံတယ်မို့လား..'

မာန့်လက်တွေကို ထွေးဆုပ်၍ မေးလျှင် မာန်က ခေါင်းညိတ်ပြ၏။ နှစ်ယောက်သား ဘာမှလည်း ဟုတ်တိပတ်တိမစားဖြစ်ဘဲ ပြန်ဖို့ဟန်ပြင်ရသည်။

'baeကို မာန် လိုက်ပို့မယ်...'

နေ မငြင်းဖြစ်ဘဲ မာန့်သဘောအတိုင်း မာန့်ကားပေါ်ပါလာခဲ့သည်။ ထီးနှင့် Mirrorကိုလည်း ကားပေါ် မမေ့မလျော့တင်သည်။

'bae ခွေးတော့ ထိန်းထားနော် ၊ မာန်ကြောက်လို့..'

မာန်က Mirrorကို အကပ််မခံရဲသဖြင့် နေ Mirrorကို ကားနောက်ခန်းမှာပို့ထားရသည်။ အိမ်ပြန်မရောက်သေးခင် လမ်းခုလတ်မှာ ကားကြပ်နေသောကြောင့် အတော်ကြာအောင် မီးပွိုင့်စောင့်နေကြစဥ်..

'ဟာ...တိုက်ပြီဟ...'

ရုတ်ရုတ်သဲသဲအော်သံတွေကြားလိုက်ရကာ မာန်နှင့်နေလည်း အသံတွေလာရာဆီ လှမ်းကြည့်မိကြသည်။ Mirrorက ကားထဲမှ ခေါင်းထောင်ကြည့်၍ တဝုတ်ဝုတ်ဟောင်နေ၏။

'ကားနဲ့တိုက်မိတာ ပွဲချင်းပြီးပဲ.. အဲဒီကောင်လေးက ဒီမီးပွိုင့်မှာ ဇွန်ပန်းရောင်းနေကျဗျ..သနားပါတယ်..'

လူတွေဝိုင်းအုံ၍ တစ်ယောက်တစ်ပေါက်ပြောနေကြတာတွေနားထောင်ရင်း နေ မျက်လုံးလေးဝိုင်းနေသည်။ မြင်လွှာထဲမှာ ကားတစ်စီး၏ ပုံရိပ် ပေါ်လာကာ သူမ ထိတ်လန့်စိတ်ကြောင့် ခေါင်းကို လက်နှင့်ဖိထားရင်း အသက်ရှူကြပ်လာ၏။

'bae...bae...ဘာဖြစ်လို့လဲ..နေမကောင်းဘူးလား..'

မာန် နေ့အဖြစ်ကိုသတိထားမိကာ အလန့်တကြားမေးသည်။

'မာန်...နေ နေလေ..အဲ့လိုအက်ဆီးဒန့်တွေမြင်ရရင် အရမ်းကြောက်တယ်၊ နေ အသက်ရှူကြပ်နေတယ်.. နေ့ကို မြန်မြန်ပြန်ပို့ပေးပါလား မာန်ရယ်..နော်...'

နေ မျက်ရည်တွေစီးကျလာကာ ခါးကုန်း၍ ခေါင်းဝပ်နေတော့ မာန် မီးစိမ်းသည်နှင့် ကားကို မြန်မြန် မောင်းလာခဲ့ရသည်။

နေကတော့ အိမ်ပြန်မရောက်မချင်း ဆင်းရဲကြီးစွာ ခံစားနေရလျက်...။
ကင်းရယ်... ငါ့ကို တစ်ယောက်တည်းအပြင်မထွက်ပါနဲ့ ဆိုတဲ့နင့်စကားကို ငါ နားမထောင်ခဲ့မိလို့ ဒီတစ်ခါလည်း ငါ အဆင်မပြေပြန်ဘူး ...။

☀️The Will Of The Heart🌻Where stories live. Discover now