half a heart

84 17 0
                                    

မင်းဟာ ကိုယ်ရဲ့ စစ်မှန်တဲ့ တစ်ဖက်ခြမ်းမှန်းသိလိုက်တဲ့အခါ
မင်းက ကိုယ့်ဘေးမှာ မရှိတော့ဘူး။
မင်းကို ကိုယ့်ခေါင်းထဲက ထုတ်ဖို့ ကြိုးစားပေမယ့်
မင်းမရှိတဲ့နောက် ကိုယ်ဟာ လမ်းပျောက်နေခဲ့တယ်။
ကိုယ်ဟာ မပြည့်စုံတဲ့ တစ်ဝက်ကောင်းကင်ပြာရဲ့ အောက်မှာ နိုးထရတယ်။
ရှူးဖိနပ်တစ်ဖက်နဲ့ပဲ လမ်းလျှောက်နေမိတယ်။
ကိုယ့်နှလုံးသားကလည်း တစ်ဝက်ပါပဲကွယ်။
မင်းမရှိတဲ့အခါမှာပေါ့.....

*
တစ်နေကုန်ရွာနေရာမှ ညနေခင်းတွင် စဲသွားသောမိုးသည် ယခုမှ တဖွဲဖွဲကျဆင်းလာပြန်သည်။ အမှောင်ထုဝင်လာပြီဖြစ်သောကြောင့် လမ်းမီးများပင် လင်းနေကြပြီ။
ဝှေ့ခနဲ တိုက်ခတ်လာသော လေကြောင့် အေးစက်မှုကို Jeno ခံစားလိုက်ရသော်လည်း သူသည် လမ်းတစ်ဖက်ရှိ အိမ်၏ ပြတင်းပေါက်ကို မမှိတ်မသုန်ကြည့်နေဆဲ။
သစ်ပင်အောက်မှနေ၍ မီးပိတ်ထားသည့် အခန်းကလေးကို ကြည့်နေသည်မှာ ဆယ်မိနစ်ခန့်ရှိပြီ။
အခန်းလေးမီးလင်းလာသည်။ ပြတင်းလိုက်ကာတွင် လှုပ်ရှားနေသော အရိပ်ကလေးကို သူမြတ်နိုးစွာကြည့်နေမိသည်။
"Renjunnie က အရိပ်လေးက အစ ချစ်ဖို့ကောင်းနေတုန်းပဲ"
Renjun ။ Renjun သည် သူ၏ အချစ်ဆုံးသူငယ်ချင်း။ ပထမဆုံးရင်ခုန်သံ ဖြစ်သည်။
အလယ်တန်းကတည်းက စတင်လာသော သံယောဇဉ်သည် အထက်တန်း ပထမနှစ်ရောက်တော့ အရောင်ပြောင်းလာသည်။ အချစ်ဟု မပီပြင်သေးသော်လည်း စွာတေးလေးကို စနောက်ရင်း ကောက်တေးလေးကို ချော့ရင်း သူ့ရင်ခုန်သံမြန်ဆန်လာခဲ့သည်။
မနေနိုင်မထိုင်နိုင် Jeno တစ်ယောက် ထိုနှစ်မှာပင် Renjun ကို စာပေးပြီးဖွင့်ပြောခဲ့သည်။ တစ်နေ့တစ်ခြား ချစ်ဖို့ကောင်းလာသည့် ကောင်‌‌ေလးကို သူစိုးရိမ်လှသည်လေ။
"Jeno hyung ဒီမှာ စာ"
သူသည် စာကိုကိုယ်တိုင်ပေးရန် တွန့်ဆုတ်နေ၍ Chenle က တဆင့်ပေးခဲ့သည်။ Chenle သည် Renjun ၏ တစ်ဝမ်းကွဲညီဖြစ်သည်။
"Renjun က ဘာ ဘာတဲ့လဲ ဟင်"
"စာကိုပြန်ယူသွားတဲ့။ ဖွင့်လည်းမဖတ်လိုက်ဘူး"
သူ့ရင်တွေ‌ဗြောင်းဆန်သွားသည်။ စာအုပ်တွေထဲကလို သူ့ကို သူငယ်ချင်းအဖြစ်က ရပ်ဆဲလိုက်မည်ဆိုလျှင် သူခံနိုင်ရည်ရှိမည်မထင်ပါ။
သို့သော် Renjun က ထူးဆန်းသည်။ စာပေးသည့် ကိစ္စကို မရှိသလိုသဘောထားသည်။ ထိုကိစ္စအကြောင်း ဘယ်တော့မှ စကားဟလေ့မရှိပေ။
သူ့ကိုခင်မင်မြဲ။
အမှတ်ထွက်လျှင် လာမေးမြဲ။
သူ အိမ်စာ မလုပ်ခဲ့လျှင် ဆူပူမြဲ။
သူ စလျှင် စိတ်ကောက်မြဲ။
အိမ်ကို သူနှင့် အတူတူပြန်မြဲဖြစ်သည်။
Jenoတစ်ယောက်တည်း သုံးရက်လောက် အသည်းကွဲပြီးနောက် တစ်နေ့တာလုပ်ငန်းတွေထဲ ပြန်လည်ပျော်ဝင်သွားသည်။
ထိုနှစ်မှာပင် Jenoကို သဘောကျသူပေါ်လာသည်။ နာမည်ကို သေချာမမှတ်မိသော်လည်း သူ့ထက်အသက်ကြီးသော အစ်မတစ်ယောက်ဖြစ်သည်ကို မှတ်မိသည်။ အနားပေးချိန်တွင် သူ့ကို ချောကလက်လာပေးကာ ဝန်ခံခဲ့သည်။ Renjun သည် အပြင်သွား၍ အတန်းထဲ၌ မရှိပေ။ဘာတွေပြောခဲ့လည်း သူကောင်းကောင်းမမှတ်မိပါ။ သူငြင်းလိုက်သည်ကို မှတ်မိသည်။ ချောကလက်ကို အတင်းလက်ခံခိုင်း၍ ချောကလက်အတူ ကြောင်တောင်တောင်ကျန်ခဲ့သည်။
ချောကလက်သည် Renjunအခန်းထဲ မရောက်ခင်မှာပင် သူငယ်ချင်းများ၏ လက်ချက်ဖြင့်ကုန်သွားခဲ့သည်။
နှောက်နှစ်ရက်လောက်နေမှ Renjun မေးသည်။
"Jeno ဟိုနေ့က ချောကလက်ရတယ်ဆို"
"အင်း"
"ငါ့လည်း မကျွေးဘူး"
သူစိတ်မကောင်းဖြစ်သွားသည်။ Renjun သည် သူဖွင့်ပြောခံရသည်ထက် ချောကလက်စားဖို့ တွေးနေသည်။
အထက်တန်းကျောင်းသား Lee Jeno အတွက် Haung Renjunသည် တွက်မရ‌ေသာ ပုစ္ဆာဖြစ်သည်။
အထက်တန်းတွေပြီးတော့ သူတို့နှစ်ယောက်တက္ကသိုလ်ရွေးတော့ ကွဲသွားကြသည်။
အစပိုင်းက အဆက်အသွယ်ရှိသော်လည်း နောက်တော့ သူလည်း သူ့သူငယ်ချင်းနှင့်သူမို့ သိပ်မဆက်သွယ်ဖြစ်တော့ပေ။
တက္ကသိုလ်ကျောင်းသား Jenoသည် နောက်ထပ်ရင်ခုန်သံများ အတွက် အချိန်ပေးရင်း ပထမဆုံးရင်ခုန်သံကို မေ့ပျောက်သလောက်ဖြစ်လာခဲ့သည်။ Renjun က တော့ စာကလွဲပြီး ဘာမှမသိဘူး ဆိုသည့် စကားကို နေရာပေါင်းစုံက ကြားရသည်။
ပြက္ခဒိန်များတစ်ရွက်ပြီးတစ်ရွက် ကုန်လွန်လာပြီး Jeno တစ်ယောက် လူ့လောကထဲ ဝင်ရောက်လာရသည်။ အတုအယောင်များကြားထဲမှ အစစ်အမှန်ကို ခက်ခက်ခဲခဲ ခွဲထုတ်ရချိန်တွင် သူ့နှလုံးသားသည် ပထမဆုံးရင်ခုန်သံလေးကို သတိရမိသည်။
သည်လိုလေးစောင့်ကြည့်နေတာ တစ်လခန့်ရှိရော့မည်။
အမှားတွေနှင့်လူမို့ အနားကို သွားရန် အားယူနေရသည်။ အဆင်သင့်မဖြစ်မီ သည်လို အဝေးက ကြည့်ရုံနှင့် လုံလောက်ပါသည်။
"Lee Jeno"
"Renjunnie"
ထီးလေးနှင့် သူ့ဆီကို လျှောက်လာနေသော သူ့အသည်း။
"မိုးရေထဲဘာရပ်လုပ်နေတာလဲ"
"အဲ့ဒါ ဟို "
ပြောစရာ စကားရှာတုန်း Renjun က သူ့လက်ကို ဆွဲပြီး အိမ်ထဲခေါ်သွားသည်။
"လက်တွေကို အေးစက်နေတာပဲ"
နှုတ်သီး‌တထော်ထော်နှင့် ပြောနေသည်မှာ ငယ်ငယ်တုန်းက ဆူပူပုံနှင့် တစ်ပုံစံတည်း။
အိမ်အောက်ထပ်အရောက် Renjun ဖေဖေနှင့်မေမေက သူ့ကို
နှုတ်ဆက်သည်ကိုပင် ကမန်းကတန်း ပြန်ပြောခဲ့ရသည်။ သူ့လက်ကို ဆွဲသွားသည့် အကောင်ပေါက်က အပေါ်ထပ်ထိ ဆွဲခေါ်သွားသည်။ ပြီးတော့ သူ့ကို ရေချိုးခန်းထဲပို့သည်။
"သွား။ ရေမြန်မြန်ချိုး"
"Renjun ကလည်း အေးနေတာကို"
နှုတ်သီးကိုပိုပိုသာသာလေးဆူပြီးပြောတော့ မျက်စောင်းလှလှလေးရောက်လာသည်။
"ကလေးလုပ်မနေနဲ။ အအေးပတ်မယ်။ မြန်မြန်ရေချိုးခဲ့။ မင်းအတွက် တော်မယ့်အင်္ကျီထုတ်ပေးထားမယ်"
တစ်ချက်လွှတ်အမိန့်ကို ဘယ်လွန်ဆန်နိုင်ပါ့မလဲ။
ရေချိုးအဝတ်အစားလဲပြီး Renjunအခန်းထဲတွင် ဆံပင်တွေကို ရေသုတ်နေတုန်း နွားနို့နှစ်ခွက်ကို ကိုင်ပြီး အခန်းထဲဝင်လာသည့်Renjun။ နွားနို့ခွက်တွေကို ခုတင်ဘေးက စားပွဲပေါ်တင်လိုက်ပြီး Renjun က သူ့ကို မျက်နှာမူလိုက်သည်။
အဝေးကကြည့်ခဲ့ရသည့် မျက်နှာလေးကို မြတ်မြတ်နိုးနိုးကြည့်မိသည်။ပြီးတော့ Renjun ဝတ်ထားသည့် ဆွယ်တာလေးကို သတိထားမိသည်။
အပြာရောင်ဆွယ်တာလေး။
အထက်တန်းကျောင်းသားဘဝက ပဲများပြီး အင်္ကျီပါးပါးလေးနှင့် ချမ်းနေသည့် Renjun ကို သူဝတ်ထားရာမှ ချွတ်ကာပေးခဲ့သည့် ဆွယ်တာလေး။
"ဒါလေးကို အခုထိဝတ်တုန်းပဲလား"
သူမေးတော့ ချစ်ရသူ၏ပါးနုနုသည် အနီရောင်တချို့လွှမ်းသွားပြီး ခေါင်းလေးငြိမ့်ပြသည်။
သူစိတ်မထိန်းနိုင်စွာ ချစ်ရသူကို ပွေ့ဖက်မိသည်။
"ချစ်တယ် Renjunnie ။ အရင်ကလို ပေါ့ပျက်ပျက်မဟုတ်ဘဲ တကယ်ကို လေးလေးနက်နက်နဲ့ ချစ်တယ်"
ချစ်ရသူက တွန်းဖယ်ခြင်းမပြုဘဲ သူ့ရင်ခွင်ထဲကို ပိုတိုးဝင်လာခဲ့သည်။
"ရှစ်နှစ်ရှိပြီ။ ဒီစကားကို နားထောင်ဖို့စောင့်နေတာ"
"ကိုယ် တောင်းပန်ပါတယ်။ စောစောပြောခဲ့သင့်တာ"
ကိုယ်ချင်းခွါပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း ရယ်မိသည်။
"Lee Jeno ဒီတစ်ခါတော့ ဘယ်ကိုမှထွက်မပြေးနဲ့တော့။ ငါ့ကို အဆုံးထိတာဝန်ယူပေး"
"အချစ်ဆုံးက‌ ပေးတဲ့အမိန့်ကို ဘယ်လွန်ဆန်နိုင်ပါ့မလဲ"
နှုတ်ခမ်းဖူးဖူးလေးကို နမ်းရှိုက်မိတော့ ချစ်ရသူက အပြုံးလေးနှင့် ဆီးကြိုသည်။
သူ့ရဲ့ နှလုံးသားတစ်ခြမ်းကို ပိုင်ဆိုင်ခဲ့ရပြီမို့ နောက်ထပ်တစ်ကြိမ် တစ်ခြမ်းပဲ့ ကောင်းကင်အောက်မှာ နိုးထရန် မလိုတော့ပေ။

                             ပြီးပါပြီ

ပထမဆုံးလက်ရာလေးပါ။
အားပေးကြပါဦးနော်။
Idea လေးနဲ့ အပေါ်က စာသားလေးကတော့ One direction ရဲ့ Half a Heartသီချင်းလေးကနေ ဖြစ်ပေါ်လာတာပါရှင့်။
ကျေးဇူးတင်ပါတယ်။

Half a Heart Where stories live. Discover now