scene: 6

129 28 2
                                    

ပါလာသည်က ခရီးဆောင် ကျောပိုးအိတ် တစ်လုံးတည်း။ ထို့ကြောင့် အဝတ်အစားကိုပင် ပေါပေါများများ ထည့်မလာဖြစ်ခဲ့ပေ။ မဝတ်ဖြစ်တော့သည့် အဝတ်အစားနှင့် အသုံးအဆောင်တို့အား အဟောင်းဆိုင်သို့ သွားအပ်ထားလိုက်ကာ လိုအပ်သူများကို အလကား ပေးလိုက ပေး၊ သို့မဟုတ် အဟောင်းထည်အဖြစ် ပြန်ရောင်းလိုက ရောင်းနိုင်ကြောင်းလည်း တစ်ခါတည်း အသိပေးခဲ့ပြီး ဖြစ်၏။ နဂိုကပင် မိတ်ကပ် များများစားစား လိမ်းလေ့ မရှိသူမို့ ကျောပိုးအိတ်ထဲ သတိတရ ဆောင်ယူလာမိသည်က တိုနာနှင့် နေလောင်ခံခရင်မ်တစ်ဘူးလောက်သာ။

အရာရာကို စွန့်လွှတ်ရင်း ထွက်ပြေးလာသည်ဟု ဆိုဖို့ရာလည်း အစကတည်းက စွဲလမ်း ဖက်တွယ်ထားခဲ့သော ပိုင်ဆိုင်မှု ဟူ၍ လက်ဆုပ်လက်ကိုင် မပြနိုင်ပါ။ မွေးချင်း မောင်တစ်ဦး ရှိခဲ့ပါသော်လည်း ယခုမူ သူသည်လည်း လောကထဲမှ အပြီး ထွက်သွားခဲ့ပြီ ဖြစ်၍ yo jeong ထံ နောက်ဆံတင်းစရာ နှောင်ကြိုးများ ပြတ်တောက်သွားခဲ့လေပြီ။

အိမ်ပြောင်းပြီး ၅ ရက်အကြာမှ ကျောပိုးအိတ်ထဲရှိ ပစ္စည်းများအား လေးပင်စွာ ထုတ်ယူနေမိ၏။ လွန်ခဲ့သည့် ၅ ရက်၌ တစ်ညလုံးလိုလို မအိပ်ဘဲ ရုပ်ရှင်စီးရီးတစ်ခု ပြီးသည်အထိ စွဲစွဲမြဲမြဲ ကြည့်နေခဲ့တာ ဖြစ်ပြီး၊ ကျန်အချိန်များတွင်တော့ တိုက်နောက်တွင် ကြောင်စာ သွားကျွေးကာ ပတ်ဝန်းကျင် လေ့လာရေး လုပ်နေမိသည် မဟုတ်ပါလား။ လက်ပ်တော့၊ ဖတ်နေကျ စာအုပ် ၃၊ ၄ အုပ်ခန့်နှင့် အပျင်းပြေ လှည့်ကစားဖို့ ယူလာသော ရောင်စုံကုဗတုံးက ကျောပိုးအိတ်ထဲမှ ထပ်ထွက်လာသည်။ ထို့နောက် နောက်ဆုံးအဖြစ် ထုတ်ယူလိုက်သည်ကတော့ အနက်ရောင် ယူနီဖောင်းဝတ်စုံပင်။

နိုင်ငံကိုယ်စားပြု ခေါင်ရမ်းပန်းအား ချီဆွဲကာ မိုးပေါ်သို့ ပျံသန်းတော့သယောင် အတောင်ဖြန့်နေသော ပင်လယ် လင်းယုန်ငှက်၏ အမှတ်အသားသည် ထောင့်ချိုးညီသည့် အင်္ကျီကော်လာပေါ်၌ တစ်ဖက်တစ်ချပ်စီ တည်ရှိနေသည်။ ထို့နောက် အင်္ကျီရင်ဘတ်တွင် ထိုးနှိပ်ထားသော kim yo jeong ဟူသည့် နာမည်။ တစ်တွဲတည်း ဖြစ်သော လင်းယုန်ငှက်ပုံနှင့် အနက်ရောင် ဦးထုပ်ကိုလည်း မမေ့မလျော့ ယူလာခဲ့မိ၏။

OBLIVION (Completed)Where stories live. Discover now