Zawgyi

423 11 0
                                    

တန်ကူးသာကြည်

မန္တလေးဘူတာရုံကြီးတွင် ခြေချင်းလိမ်ရှုပ်ယှက်ခတ်နေသည်။ရထားပလပ်ဖောင်းပေါ်တွင် အထုပ်သယ်မာလီတစ်ချို့၏ ဖောက်သည်ခေါ်သံများကလည်း တဆူဆူ။အချဉ်ပေါင်းသည်၊ငုံးဥ၊ဆေးလိပ်သည်များသူ့ထပ်ငါ အပြိုင်ရောင်းရရေးအသံများကလည်း ဆူညံညံပေမို့ တန်ကူးစိတ်တွေနှောက်ကျိလာသည်။ထို့အသံများတင်မကသေး ရထားခုတ်မောင်းသံတဂျက်ဂျက်ကြောင့် ထွက်ပြေးတိမ်းရှောင်လိုက်ချင်စိတ်များက မြိုသိပ်မနိုင်ဘဲ ပွားသထက်ပွား၊များသထပ်များလာသည်။

ရန်ကုန်-မန္တလေးမီးရထားသည် ထွက်ခွာဖို့ နာရီဝက်ခန့်မျှလိုသေး၏။မိမိကိုယ်တိုင် အရင်တစ်နေ့ကကြိုဝယ်ထားသောအိပ်စင်ပါရထားလက်မှတ်ကို လက်တွင် ကျစ်ကျစ်ပါအောင် ချေမွဆုပ်ကိုင်ထားရင်း ဖင်တကြွကြွဖြင့် တန်ကူးအငြိမ်မနေနိုင်။

ဘူတာရုံတွင် ခရီးသွားများအနားယူစောင့်ဆိုင်း
နိုင်ရင် ထိုင်ခုံတစ်ချို့စီစဉ်ပေးထားသည်။တန်ကူးတွင် သယ်စရာအဝတ်အိတ်နှစ်ခုသာပါလာသည်။ခေတ္တနေရမည့်အရပ်ဖြစ်တာကြောင့် တန်ကူးများများစားစားသယ်မလာပါ။ဖြစ်နိုင်ရင် အဝတ်အစားမပြောနဲ့၊ လူတစ်ကိုယ်လုံးတောင်
မဖြစ်သာလို့ သွားရသည်။အမှန်ဆို တန်ကူး ရန်ကုန်ကို လုံးဝမသွားချင်ပါ။ဒီမန္တလေးမြို့ကိုခွဲခွာပြီး တန်ကူးဘယ်အရပ်မှာမှ စိတ်ပျော်မည်မဟုတ်တာ ကိုယ့်ကိုကိုယ်သိသည်။

တန်ကူးမတ်တပ်ထရပ်သောအခါ မေကြီးကိုယ်တိုင် တန်ကူးအတွက်ဆိုပြီး မန္တလေးဈေးချိုတွင် ပိုက်ဆံနှစ်ရာကျော်ပေးဝယ်ထားရသည့် ပိတုန်းရောင်ပိတ်ချောစဗြောင်ကို နာမည်ကြီးရတနာသိမ့်အပ်ချုပ်ဆိုင်တွင် ကိုယ်တိုင်းချုပ်ထားသည့် အသားကောင်းကောင်းမြန်မာဝမ်းဆက်က တန်ကူးခန္ဓာကိုယ်တွင် ဖစ်ဆိုက်(fix size) ကျနေသည်။တန်ကူးသည် ပိန်ပိန်ပါးပါးမိန်းကလေးဖြစ်ကာ ဗမာမိန်းကလေးများသာမာန်ရှိသင့်သောအရပ်ထပ် အနည်းငယ်ပိုရှည်သည်။

တန်ကူးတို့ဖေကြီးဘက်မှအဖိုးသည် အင်္ဂလိပ်လူမျိုးဖြစ်ကာ စစ်ပွဲကာလတွင် သည်မန္တလေးမှာပဲ အိမ်ထောင်ကျပြီးစစ်ကြီးပြီးသော် မွေးရပ်မြေကိုမပြန်တော့ပါ။တန်ကူးဟာ အရပ်အမောင်းကအစ လက်တံရှည်၊ခြေတံရှည်လေးများကဖိုးဖိုးနဲ့သွားတူသည်။သို့သော် တန်ကူးအသားမဖြူပါ။မန္တလေးသူပီပီညိုညက်လှသည်။နှာတံက ခပ်ချွန်ချွန်နဲ့မြင့်၏။နှုတ်ခမ်းထူထူက ကြည့်ရမဆိုးသွားဘဲ လှပမှုကို မြှင့်တင်ပေးသည်။တန်ကူးတွင် မျက်ဆံညိုညိုကလေးလည်း ရှိလေရာ အဆုံးတွင် တန်ကူးသာကြည်က မိန်းမလှလေးဖြစ်လေသည်။

စိမ်း ( Green )Where stories live. Discover now