ညခင်းဟာ ဆိတ်ငြိမ်လို့နေတယ်။ ခပ်လှမ်းလှမ်းက ပိုးကောင်မွှားကောင်လေးတွေအော်သံကအစ အတိုင်းသားကြားနေရတာမျိုး။
ရှောင်းကျန့် ခြေလက်ဆေးပြီးတာနဲ့ အိပ်ရာဝင်ဖို့ပြင်လိုက်တယ်။ အိမ်ရှေ့ခန်းမှာ ဘုန်းတော်ကြီးနဲ့တပည့်တွေ အိပ်နေကြပြီမို့ အသံမမြည်အောင်သတိထားပြီး လှုပ်ရှားနေရပါတယ်။ကြမ်းခင်းပေါ် ခြေဖျားကလေးကို ဖွဖွရွရွထောက်လှမ်းတယ်။ ခုတင်ပေါ် အိခနဲထိုင်ချအပြီးမှာတော့ အသက်ဝဝရှူနိုင်ပြီပဲဖြစ်ပါတယ်။
"ခူးးးးခလော....ခလော..."
"ဟင်.."
"ခလော...ခလော..."
ရုတ်တရက် ထွက်ပေါ်လာတဲ့ဟောက်သံအကျယ်ကြီးကြောင့် ရှောင်းကျန့် မျက်ဝန်းသွယ်တွေဝိုင်းစက်သွားရတယ်။ ဟောက်သံဟာ ကျယ်လည်းကျယ်၊ ကြီးလည်းကြီးပြီး ဩဩကြီးနဲ့ရယ်။ ပုံစံကြည့်ရတာ ကျူးပါကျဲရဲ့ ဟောက်သံပဲဖြစ်ရမယ်။ ကျန်တဲ့သူတွေ ဘယ်လိုနည်းနဲ့အိပ်ပျော်နိုင်ကြတယ်မသိပေမဲ့ ရှောင်းကျန့်ကတော့ စိတ်ညစ်သွားရပြီပဲဖြစ်ပါတယ်။ သူဘယ်လိုလုပ် အိပ်ပျော်ပါလိမ့်မလဲ။
အတွေးနဲ့အတူ သက်ပြင်းကလေးကျိတ်ချတယ်။ အိပ်ရာပေါ် ဖြည်းဖြည်းချင်း လှဲပြီးတဲ့အခါမှာတော့ နားနှစ်ဖက်ကို ဖိပိတ်ထားလိုက်ပါတယ်။ ဒါပေမဲ့ အသံညံညံကြီးက လက်ဖဝါးလေးတွေကို ဖြတ်ပြီးနားစည်ထဲအထိ လွင့်ဝင်လာပြန်တာမို့ ရှောင်းကျန့် ငုတ်တုပ်ထထိုင်လိုက်ရတယ်။ အိမ်ရှေ့ခန်းဆီ မျက်စောင်းလေးလက်ခနဲထိုးအပြီးမှာတော့ အာရုံပြောင်းဖို့ကြိုးစားလိုက်ပါတော့တယ်။
သူတွေးရမယ်။ဟုတ်တယ်။ဒီဆိုးဆိုးရွားရွားအသံကြီးကို မေ့ထားနိုင်ဖို့ စိတ်ပျော်စရာတစ်ခုခုပဲဖြစ်ဖြစ်တွေးကြည့်ရမယ်။ဒါပေမဲ့ ဘာကိုတွေးရမှာပါလဲ။ သူ့ဘဝက ဘာမှထူးခြားပျော်ရွှင်နေခဲ့တာမျိုးမှမဟုတ်ဘဲ။
အဖိုးဖြစ်သူနဲ့အတူ နေထိုင်ကြီးပြင်းလာခဲ့တဲ့ တောင်ယာသမားလေးပဲကို။ အခုဆို အဖိုးမရှိတော့တာတောင် ဆယ်စုနှစ်တစ်ခုစာရှိခဲ့ပြီ။နောက်ပြီး အခုသူက အသည်း
ကွဲနေချိန်ပဲကို။ ဒီတော့ သူဘာကိုတွေးရပါ့မလဲ။ ချစ်သူနဲ့အတူ ဖြတ်သန်းဖူးခဲ့တဲ့ မေတ္တာနေ့ရက်ကလေးတွေကိုလား။ အင်း...ဒါဆိုရင်လည်း အဲ့ဒီအကြောင်းအရာ သေးသေးလေးတွေကို ပြန်ပြောင်းတွေးရုံပဲရှိတော့မှာပေါ့။
YOU ARE READING
ငါ့ရည်းစားဟောင်းက နဂါးဘုရင်တဲ့ (Completed)