" မြတ်သော ဘာဖြစ်လို့လဲ။ "
နောက်တစ်ချိန်အတွက် စာအုပ်ကို ထုတ်နေရင်းမှ သောက ညာဘက်ပါးလေးကို ကိုင်ကာ ပြောသည်။
" သွားနာနေတာ။ "
အဝေးသင်စာမေးပွဲမဖြေခင် တက်ရတဲ့နေရာမှာ သောက သူငယ်ချင်းတွေနှင့်အတူ ထိုင်ဖြစ်သည်။မန္တလေးက အဝေးသင် ပထမနှစ်တက်ကတည်းက ခင်တဲ့ သူငယ်ချင်းတွေမို့ အခြားသူငယ်ချင်းအသစ်တွေ မလိုပေ။
" သွားကိုက်ပျောက်ဆေး သောက်မလား။ သွားဝယ်ပေးမယ်။"
နောက်တစ်ချိန်ဝင်မည့် ဆရာမကို စောင့်ရင်းမို့ ငါးမိနစ်လောက်ပဲ အချိန်ရတာကြောင့် သောက ခေါင်းရမ်းပြသည်။ ဆေးသွားဝယ်ပြီး နောက်ကျရင် ဆရာမက ဆူမှာပင်။
" ရပါတယ် ... တအားပူတာဖြစ်ဖြစ်၊ တအားအေးတာဖြစ်ဖြစ် စားရင် ဖြစ်တတ်တယ်။ သုံးနာရီလောက်ကြာရင် သက်သာသွားရော။ စကား တအားလာမပြောနဲ့။ စကားပြန်ဖြေရတာ သွားပိုနာတယ်။ "
သွားနာရင် ပါးတွေပါ ကိုက်လာတတ်တာ ဖြစ်သည်။ မြတ်သူက သူ့ကျောပိုးအိတ်ထဲက အကိုက်အခဲ ပျောက်ဆေးကို ထုတ်ပြီး သောကိုပေးသည်။
" ဒါ အရင်သောက်ထားလိုက်။ ဒီဆေးတွေက ခေါင်းကိုက်ရင် သောက်ရတာပေမယ့် အကိုက်အခဲပျောက်ဆေးမို့ ကျန်တာတွေလည်း နည်းနည်း သက်သာတယ်။ "
" အင်း "
အိမ်မှာဆို ဒေါ်ခင်သန်းနွယ်၊ ဒေါ်မြတ်နန်းနွယ်နှင့် မဟော်တို့က အမြဲဂရုစိုက်ပေးကြတော့ အိမ်က လူတွေနဲ့ နည်းနည်းဝေးတာနဲ့ မဆင်မခြင်တွေစားပြီး သော သွားကိုက်နေပြီ။
" ဒီပန်းချီဆရာ ဆွဲတဲ့ပန်းချီတွေ အရမ်းကြိုက်တာ။ မန္တလေးမှာ ပန်းချီပြခန်း ဖွင့်မယ်ဆိုတော့ ရှယ်ပဲ။ ခဏခဏ သွားကြည့်မယ်။ ပန်းချီဆရာက လူကိုယ်တိုင်လည်း တအားချောတာ။ ငါ့Type။ "
ဆရာမ မလာခင်လေး မြတ်သူ၏ ရည်းစားဖြစ်သူ သော၏ သူငယ်ချင်းလည်းဖြစ်တဲ့ မွန်မွန်ကျော်က ဖုန်းသုံးရင်းမှ Instagramက Postကို ကြည့်ကာ ပြောလာသည်။ သောက ပါးလေးကို လက်တစ်ဖက်က ကိုင်ထားရင်းမှ ကြည့်လိုက်တော့ ထင်သည့် အတိုင်း မဟော်ပင်။