အခန်း (၃)

199 21 0
                                    

[Unicode]

ပြာလွင်လွင်အရောင်တို့ စိုးမိုးသည့် အခန်းကလေးထဲ၌ စာရွက်လှန်သံအချို့ အချိန်မှန်မှန် ထွက်ပေါ်နေသည်။ ကုတင်ခေါင်းရင်းရှိ ဖွင့်ထားသည့် ပြတင်းပေါက်မှတစ်ဆင့် မိုးနံ့ရောသည့် လေအေးတို့ တဖြူးဖြူးတိုက်ခတ်နေကြ၏။
အခန်းအတွင်း ငွေဖြူရောင်မျက်နှာကြက်မီးအပြင် စာကြည့်မီးအိမ်ငယ်၏ အလင်းရောင်သည်လည်း ပျံ့နှံ့နေသည်။

ရုတ်တရက် မိုးစက်မိုးပေါက်တို့ တဖြောက်ဖြောက် ကျဆင်းလာကြ၏။ ဂျူလိုင်မိုးစက်တို့က ပတ်ဝန်းကျင်အတွင်း သင်းပျံ့သည့်  မြေသင်းရနံ့ကို သယ်ဆောင်လာသည်။

မင်းခေတ် စာကြည့်နေရင်းက မိုးသံကြောင့် အပြင်ကို အကြည့်ရောက်မိသည်။ တဝေါဝေါကျဆင်းနေသည့် မိုးစက်တို့က ခြံအပြင် လမ်းမတန်းရှိ စိန်ပန်းပင်ကြီးများကို တစ်မုဟုတ်ချင်း စိုစွတ်သွားစေ၏။

သူ စာကြည့်စားပွဲက ထလိုက်ပြီး ခေါင်းရင်းပြတင်းပေါက်ကို ပိတ်လိုက်ရသည်။ အဲဒီနောက် နာရီကြည့်မိတော့ ကိုးနာရီထိုးလုပြီ။

ဘာကြောင့်မှန်းမသိ ညနေက မိဘတွေရှေ့မှာ သူ့အတွက် ပြောပေးခဲ့တဲ့လူကို တွေးမိသွားရ၏။ ညနေစာစားပြီး အိမ်ပြန်ရောက်ကတည်းက သူတို့ စကားကောင်းကောင်း မပြောဖြစ်ကြသေး။ အလုပ်တွေ ရှုပ်နေပုံရတဲ့ အဲဒီလူကလည်း ပြန်ရောက်တဲ့အချိန်ကတည်းက ရေမိုးချိုး အဝတ်လဲပြီးတော့ စာကြည့်ခန်းထဲ ဝင်သွားတော့တာ။ သူကလည်း ဖာသိဖာသာနဲ့ သတိမထားမိဘဲ လုပ်စရာရှိတာလုပ်နေမိတာပင်။

လူကြီးက သူ့ဘက်ကရပ်တည်ပေးခဲ့ပြီး သူ့ကိုကာကွယ်ပေးခဲ့တာမို့ သူကလည်း အငယ်ပီပီ လေးစားသမှုနဲ့ ကျေးဇူးတင်စကားတော့ ပြောသင့်သည်ထင်၏။

မင်းခေတ် အောက်ထပ်ကို ဆင်းလာလိုက်ပြီး မီးဖိုချောင်ထဲ၌ ရှိတတ်သည့် green tea အထုပ်တွေကို ရှာလိုက်သည်။ သူ ဆယ်တန်းဖြေအပြီးမှာ လပိုင်းလောက် အိပ်မပျော်တဲ့ရောဂါဖြစ်လိုက်သေးတဲ့အချိန် အိပ်မပျော်တာကို သက်သာစေဖို့ ကဖင်းမပါသည့် green tea ကို ဦးခွန်းက သူ့အတွက် ဝယ်ထားပေးခဲ့တာ။

ချစ်ခြင်းတိမ်ယံWhere stories live. Discover now